02 September 2016

တဒင်္ဂပျောက်ဆုံးသွားခြင်း

Posted by blackroze at Friday, September 02, 2016 0 comments
ကျမ ဒီနေ့အလုပ်သွားတဲ့ အချိန် Bus ကားပေါ်မှာ အမျိုးသမီးတယောက်နဲ့ဆုံတယ်..ကားပေါ်တက်တက်ချင်း သူ့ကိုတွေ့တာနဲ့ စိတ်ထဲကနေ ငါ့အသိဘဲ ဆိုတဲ့စိတ်နဲ့ ပြုံး ပြနှုတ်ဆက်မိတယ်။သူကလည်း ကျမကို သိနေတဲ့ ပုံစံနဲ့ ချက်ခြင်း ပြန်ပြုံး ပြပြီးအလုပ်သွားတာလားလို့ လှမ်းမေးတယ်..ကျမကလည်း ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်..နောက်တော့ မှတ်တိုင်တခုမှာသူဆင်းသွားတယ်..။

သူဆင်းသွားတော့ ကျမ စဉ်းစားမိတယ်..သူ့ကို ငါဘယ်နေရာမှာသိတာလည်းလို့..စိတ်ထဲလုံးဝကို စဉ်းစားလို့မရဘူး..လူမှားတာလားဆိုတော့လည်း မဟုတ်ဘူး..ကျမ လူမှားတာဆိုရင် သူကျမကို သိနေစရာ အကြောင်းမရှိဘူး.။နောက်ပြီး စိတ်..ခံစားမှု့ ..ကျမရဲ့ စိတ်ထဲမှာ သူ့ကိုရင်းရင်းနှီးနှီးကို သိနေတာ...ဘယ်နေရာမှာ သိတာလည်းဆိုတာသာ စဉ်းစားလို့မရဘူးဖြစ်နေတာ..ကျမစိတ်ထဲ ကျမ ပစ္စည်းဝယ်နေကြဆိုင်တွေက ဝန်ထမ်းတယောက်ယောက်များလား...ဒါမှ မဟုတ်..ကျမ ဝယ်နေကြပေါင်မုန့် ကိတ်မုန့် ဆိုင်က အရောင်းစာရေးများလား..မကြာခဏဆိုသလို ..မျက်မှန်းတန်းမိရင်း သိနေတဲ့ပုံစံ..ဒါပေမဲ့ ဘယ်နေရာဆိုတာကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး..စဉ်းစားလို့မရလေ..ဟိုဆိုင်ကများလား..ဒီဆိုင်ကများလား..ဆိုပြီးတွေးလေနဲ့ လူကချွေးတွေတောင် ပြန်လာတယ်..။

အလုပ်ရောက်သွားတော့လည်း စိတ်ထဲမှာ အဲတာကိုဘဲထပ်တလဲလဲ စဉ်းစားမိတယ်..ဘယ်နေရာကသိတာလည်းဆိုတာကို..ကျမရဲ့ မှတ်ညဏ်တွေ က အရာတခုထဲကို ကွက်ပြီးပျောက်ဆုံးသလိုဖြစ်နေတယ်...watson ကများလားဆိုပြီးစဉ်းစားမိရင် အဲဒီဆိုင်က ကျမနဲ့ မျက်မှန်းတန်းတဲ့ကောင်မလေးတွေ မြင်မိတယ်..ကိတ်မုန့်ဆိုင်ဆိုလည်း အဲလိုဘဲ..မျက်မှန်လေးနဲ့ကောင်မလေးဝဝ လေးကို ချက်ချင်း မြင်ယောင်မိတယ်..ကားပေါ်မှာ တွေ့လိုက်တဲ့မိန်းကလေးကို ကျမ ဘယ်လိုမှ စဉ်းစားလို့မရဘူး..လူမှားတယ် ပြောရအောင်ကလည်း သူ့ကို ရင်းရင်းနှီးနှီးသိနေတဲ့ ခံစားမှု့.....လူမှားတာ မဟုတ်ဘူး..သူ့ကို ဘယ်ကလည်းဆိုတာ စဉ်းစားလို့မရလေ..ကျမစိတ်ထဲ ပိုမွန်းကြပ်လာလေဘဲ..တကယ်လို့များ ငါလမ်းသွားရင်းနဲ့ ဘယ်ကိုသွားနေတာလည်း ဘာလုပ်ဖို့လည်းဆိုတာရုတ်တရက် မေ့သွားခဲ့ရင် ဘယ်လိုလုပ်မလည်းဆိုတဲ့ အတွေးဝင်လာတော့ငိုတောင် ငိုချင်သွားတယ်...။

ကိုယ့်ဘာကိုယ်လည်း မယုံကြည်တော့သလိုဖြစ်လာတယ်..ဒီလို မေ့သွားတတ်ပုံနဲ့ မလွယ်ဘူး..။အရေးကြီးတဲ့ နံပါတ်တွေ ဂဏန်းတွေ ကို ငါစာအုပ်မှာချရေးထားမှဖြစ်တော့မယ်ဆိုပြီးအိမ်ရောက်တာနဲ့ လွယ်လာတဲ့ အိတ်ကိုချစာအုပ်မှာ နံပါတ်တွေချေ၇း..ဝရုန်းသုန်းကားတွေကိုဖြစ်လို့ရယ် ။ကျမရဲ့ မှတ်ညဏ်တွေပျောက်ဆုံးချင်နေတာများလား..အရှိုက်ထိုးခံလိုက်ရတဲ့ သူတယောက်လို ခံစားမှု့ပေါင်းစုံနဲ့တအိအိ ပြိုဆင်းနေသလိုဘဲ....။။။။


ပစ်ပစ်
Am 3:19  (2.9.2016)

02 May 2016

နှုတ်ဆက်ထွက်ခွာခြင်း

Posted by blackroze at Monday, May 02, 2016 2 comments

သိပ်မကြာခင်ရက်ပိုင်းမှာ အခု နေတဲ့အိမ်လေးကနေ နောက်အိမ် တခုကို
ပြောင်းရပါတော့မည်။ အလုပ်ပိတ်ရက်သုံးရက် ရတုန်းလေး ရှိသမျှ ပစည်းတွေ သိမ်းဆည်းထုပ်ပိုး နဲ့ တနေကုန် မအားဘူး။ပစ္စည်း ဆိုပေမဲ့ကျမရဲ့ပစ္စည်းက အဝတ်အစားတွေအများဆုံးပါဘဲ။ ကြိုက်လို့ ဝယ်ထားတဲ့အကျီ လက်ဆောင်ပေးဖို့  ဝယ်ထားတဲ့အကျီ discount ချလို့ တန်တယ်ဆိုပြီးဝယ်ထားတဲ့အကျီ ၊online shop ကနေဝယ်ထားတဲ့အကျီ
၊ဝယ်ထားပေမဲ့မဝတ်ဖြစ်ဘဲ သိမ်းထားတဲ့အကျီ
ဝယ်နေတုန်းကသာ မသိသာဘူး
သိမ်းလည်းသိမ်းရရော မစားသာဘူး။
နောက်ဆို စိတ်ရှိတိုင်း ဘယ်တော့မှမဝယ်တော့ဘူး ။
သိမ်းရင်းနဲ့ မလို ချင်တဲ့ပစည်းလေးတွေ
တချို့ မလို လောက်ဘူးထင်တဲ့ဟာတွေအထုပ်တခု ပြန်ထုပ် ၊ပစ္စည်းအဟောင်းသိမ်းတဲ့ ကားလာရင် တခါထဲ ပြစ်လိုက်မလို့ 
ထုပ်ပိုးပြီး ဝရံတာ လေးမှာ လာထားသည်။

ဝရံတာ လေးမှာ ရပ်ရင်း အိမ်နောက်ဘက် ကမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲခံစားရင်းကြည့်နေမိသည်။မိုးတွေကလည်းတဖွဲဖွဲ နဲ့ရွာ နေ လိုက်တာ။
နောက်ဘက်က တိုက်မြင့်မြင့်ကြီး၊
ကလေး တွေအတွက် ဆော့ကစားဖို့ ကွက်လပ်ကလေး၊
ဓါတ်မီးတိုင်လေး၊
ချယ်ရီပင်လေးတပင် ၊
အရာ အားလုံးဟာ
မိုးဖွဲဖွဲ လေးအောက်မှာ တိတ်ဆိတ်ငြိမ်သက်စွာ
ရှိနေကြသည်။သူတို့ လည်း ဒီနေရာလေးကနေ
ထွက်ခွာသွားတော့မဲ့ ကျမကို နှုတ်ဆက်နေကြသလိုပင် ။


တခြားသူတွေအတွက်တော့ သိပ်မထူးခြားပေမဲ့ကျမအတွက်တော့ ညပန်းချီကားတချပ်ပါဘဲ .။


မီးလင်းနေတဲ့ ပြတင်းပေါက်တွေကို တခါတလေ 
လိုက်ရေတွက်မိတယ်

ဒီအိမ်လေးမှာ နေလာတာ 8 နှစ် ။
အခုတော့ ကျမ ဒီနေရာကို သိပ်မကြာခင်မှာ ကျောခိုင်းရတော့မယ်။
ရင်ထဲတခုခု ခံစားလာရတိုင်း ကျမ ဒီဝရံတာလေးမှာ လာလာ ရပ်နေဖြစ်သည်။
စိတ်ထဲသိပ်မွန်းကျပ်လာရင်
ဒီနေရာလေးကနေ အိမ်နောက်ဘက် မြင်ကွင်းလေးကိုကြည့်ရင်း အသက်ပြင်းပြင်း ရှုပြီး ရင်ထဲကအရာတွေကို တဖြည်းဖြည်းချင်းပြန်ထုတ်ရသည်။
မိုးရွာတဲ့ညမျိုးတွေဆို မိုးသံကိုနားထောင်ရင်း မိုးစက်လေးတွေတဖွဲဖွဲ မျက်နှာကို လာစင်တာ ခံရင်း ရန်ကုန်ရဲ့ မိုးညတွေကို ပြန်တမ်းတ ပြီး စိတ်ထဲ ကနေ ရန်ကုန်ကို ရောက်သွားခဲ့ပေါင်းလည်း မနည်းမနောပါဘဲ။
အခုတော့ သိပ်မလို တော့တဲ့ရက်အနည်းငယ်မှာဒီနေရာလေးကို
ကျောခိုင်းပြီး နေရာသစ်တခု ကို မျက်နှာခြင်းဆိုင်ရတော့မယ်။
အဲဒီနေရာမှာ ဒီလို ချယ်ရီပင်လေးရယ်
ဓါတ်မီးတိုင်လေးရယ်
ကွက်လပ်အလွတ်လေးရယ်
ရှိမနေတာ အသေအချာပါဘဲ။
ဒီဝရံတာလေးကို တော့ မွန်းကျပ်စရာတွေကြုံလာတိုင်း သတိရ နေဦးမယ် ထင်ပါသည် ။

ချယ်ရီတွေပွင့်နေတုန်းကပေါ့

ပစ်ပစ်
May 1 .2016
pm 3:30

14 April 2016

ရှေးရှေးတုန်းက သင်္ကြန်

Posted by blackroze at Thursday, April 14, 2016 0 comments


ဒီနေ့ သင်္ကြန်အကြတ်နေ့ .....

ကျမကမြန်မာနိုင်ငံရဲ့ အဝေးမှာ နေ နေတဲ့သူဆိုတော့   သင်္ကြန်ရဲ့ အငွေ့အသက်ကို ကိုယ်တိုင်ကိုယ်ကျ
ပါဝင် ခံစားခွင့်မရှိဘူး ။အဝေးကနေသာ ငေးမောခွင့်ရှိတာ ။ အွန်လိုင်းမှာတက်လာတဲ့ ပုံတွေလိုက်ကြည့်
သတင်းဌာနတွေက တင်တဲ့သတင်းတွေ လိုက်ဖတ်နဲ့ သင်္ကြန်ကို အလွမ်းဖြေရသည် ။

တချိန်တခါတုန်းကတော့ ကျမလည်း သင်္ကြန်ရင်ခွင်မှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပျော်ရွှင် ခဲ့ဖူးပါရဲ့ ။
ကျမတို့ငယ်ငယ်တုန်းကဆို  သင်္ကြန်ရောက်ပြီဆို သိပ်ပျော်တာ။မှတ်မှတ်ရရ ပြောရမယ်ဆို သက်ြန်ရောက်ပြီ
ဆိုတာနဲ့ မြန်မာ့အသံကနေ  သင်္ကြန်မိုး ရုပ်ရှင်ကားကို အမြဲလွှင့်နေကြ ။သင်္ကြန်ရောက်တိုင်းကြည့်ရတယ် ။
အခုနောက်ပိုင်းတော့ ပြသေးလား မပြတော့ဘူးလားမသိတော့ဘူး ။

 ကလေးဘဝသင်္ကြန်ကတော့
ကျောင်းလွယ်အိတ်ထဲ ရေပုံးလေး ထည့်ပြီး အိမ်ကဝယ်ပေးတဲ့ ရေပြွတ်ကလေးနဲ့ ရေလိုက်ပက်တာပေါ့ ။
သင်္ကြန်အကြိုနေ့ မတိုင်ခင်ကထဲက လွယ်အိတ်တွေေ၇ပုံးတွေ ပြင်ထားပြီးသား... အကြိုနေ့ မနက်လင်းတာနဲ့
လမ်းထွက်တော့တာဘဲ ။ ကိုယ့်နဲ့ ရွယ်တူတွေရော  ..အရွယ်မတူတာတွေရော.. တယောက်နဲ့တယောက်
အရင်ပက်...နောက်တော့ လမ်းသွားလမ်းလာတွေ လိုက်ပက်... လူနည်းနည်းစုမိပြီဆို...
ကိုယ့်ရေ ပုံးထဲ ရေ အပြည့်ဖြည့် ..ပြီးရင် ကလေးအုပ်စုလိုက် တခြားလမ်း ဘက် သွားကြတာ ။
ဟိုဘက်လမ်းက ကလေးတွေကလည်း ဒီဘက်လမ်းကကလေးအုပ်စုဝင်လာတာတွေ့တာနဲ့ သူတို့အချင်းချင်း
လူချက်ချင်းစုပြီး ကျမတို့ အုပ်စုကို ရေဝိုင်းပက်တာ..ကျမတို့လမ်းကသွားတဲ့ အုပ်စုကလည်း အပြန်အလှန်
ရေပြွတ်နဲ့ပြန်ထိုး နဲ့...ပြောရရင်တော့ ဟိုဘက် ဒီဘက် ရေတိုက်ပွဲပေါ့  ။ တခြားအချိန်ဆို ဟိုဘက်လမ်း
ဒီဘက်လမ်း ကလေးတွေအတူတူဆော့နေကြ  ။ ဒါပေမဲ့ သင်္ကြန်ဆို၇င်တော့ ဟိုဘက်လမ်းဒီဘက်လမ်း
 အဲလိုရေပက်နေကြ။

ကိုယ့်ပုံးထဲပါသွားတဲ့ ရေကုန်ပြီဆိုတာ နဲ့ အနားရှိတဲ့ အိမ်ရှေ့က ရေဘုံဘိုင်ပြေးပြီးရေဖြည့်ပေါ့ ။
သူတို့လမ်းကို သွားဖိုက်ထားရင် သူတို့ကလည်း ညနေဘက်လောက်ဆို ကလေးတွေစုပြီး
ကိုယ့်လမ်းဘက်ကို အုပ်စုလိုက်ပြန်လာဖိုက်ကြတာပေါ့ ... အမှတ်ရစရာငယ်ဘဝသင်္ကြန်ပေါ့ ။

အဲဒီခေတ်တုန်းက အခုခေတ်လိုရေရှားတဲ့ခေတ်မဟုတ်ဘူး.. အိမ်တွေကလည်း ကန်ထရိုက်တိုက်တွေ မဟုတ်
သေးဘူး ။ပျဉ်ထောင်အိမ် လုံးခြင်းလေးတွေ ...မသကာ..ဟိုဘက်ဒီဘက် အပေါ်အောက် နှစ်ခန်းစီပါတဲ့
နှစ်ထပ်တိုက်လောက်ဘဲ ရှိတာ ။အိမ်တိုင်းရဲ့ ရှေ့မှာ ရေ ဘုံဘိုင် ခေါင်းလေးတွေရှိတတ်သည် ။ ရေချိုးလည်း
အဲဒီဘုံဘိုင် နားမှာဘဲ တိုင်ကီလေးတွေ ချပြီး ပန်းရုံလေး ဘာလေး အကာအကွယ်နဲ့ ရေချိုးတဲ့နေရာ
ဖန်တီးထားတာမျိုး ။ကျမပြောတဲ့ပုံစံ ကို အခုခေတ်ကလေးတွေတော့ သိမယ်မထင်ဘူး ။ ကျမတို့လို့
30ကျော်အရွယ်တွေဆိုရင်တော့ ဘယ်လိုအိမ်ပုံစံလေးလည်းဆိုတာ သိမယ်ထင်ပါသည် ။

ရေကလည်းပေါပေါများများရ ... ကလေးတွေအတွက်လည်း ဆော့ဖို့နေရာကလည်း အဆင်ပြေတော့
ငယ်ဘဝရဲ့ သင်္ကြန်ကာလက သိပ်ပျော်ဖို့ကောင်းခဲ့သည် ။မိုးလင်းကထဲက ရေထွက်ဆော့လိုက်တာ
နေ့လည် အိမ်ပြန်ထမင်းစား  ခဏနား.. ညနေတခါ ထပ်ထွက်ဆော့ကြပြန် ။နှုတ်ခမ်းတွေ
ပြာနှမ်းပြီးချမ်းလာတာတောင် ရေက ပက်ချင်နေတုန်း.. အိမ်က လူကြီးတွေက မလာသေးဘူးလားဆိုပြီး
အော်မှ ..အိမ်ပြန် ရေချိုး။

နောက်တနေ့မနက် ဆိုတာနဲ့ တခါ ရေပုံးနဲ့ရေပြွတ်ယူ ရေထွက်ပက်ကြပြန်နဲ့ တကယ်ကို လွတ်လွတ်လပ်လပ် ပျော်ခဲ့ဖူးတဲ့ ငယ်ဘဝကို ရခဲ့ဖူးသည် ။

တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ခေတ်ကလည်း ပြောင်းလဲလာသည် ။ပျဉ်ထောင်အိမ်လေးတွေနေရာမှာ
ကန်ထရိုက်တိုက်တွေနေရာယူလာသည် ။ အိမ်ရှေ့ မှာရှိတဲ့ ရေဘုံဘိုင် ပိုက်ခေါင်းလေးတွေ ပျောက်ကုန်သည် ။
ကလေးတွေရေပက်ကြတာနည်းသွားသည် ။အဲဒီအချိန်မှာ ကျမလည်းဆယ်ကျော်သက်အရွယ်ဖြစ်နေပြီ ။
ကလေးလိုရေထွက်မပက်ဖြစ်တော့ ။ သင်္ကြန်ဆို သူငယ်ချင်းတွေစုပြီး တအိမ်အိမ်မှာ မုန့်လုပ်ကြသည် ။
အနီးအနားကအိမ်တွေ ကျောင်းကဆရာမတွေ အိမ် ... မုန့်လိုက်ဝေကြသည် ။အချင်းချင်းရေလောင်းကြသည် ။
တခါတခါ လမ်းထိပ်ဘက်မှာ အုန်းလက်မဏ္ဍပ် ဆောက်ထားရင် အဲဒီမဏ္ဍပ်သွားပြီးရေပက်ကြသည် ။

သပြေခက်လေးနဲ့ရေပက်တဲ့ခေတ်ကို မမှီခဲ့ပေမဲ့ ရေလောင်းမယ်နော်ဆိုပြီး ခွင့်တောင်းပြီးမှရေလောင်းကြတဲ့
ခေတ်ကိုတော့ မှီခဲ့ပါသည် ။သူငယ်ချင်းတွေ သုံးယောက်လောက်စုပြီး မုန့်ဂျိုင့်လေးတွေဆွဲလို့ သွားတဲ့အခါ
ကောင်လေးတယောက်ယောက်က ရေပုံးလေးနဲ့ အနားရောက်လာပြီး ရေလောင်းမယ်နော်ဆိုရင်
 အလယ်ကတယောက်ကို လောင်းမှာလား  ဘယ်ဘက်ကတယောက်ကိုလောင်းမှာလား..ညာဘက်ကတယောက်ကို
လောင်းမှာလား မသဲကွဲ ဘဲ..မြီးကောင်ပေါက်တို့ ရင်ခုန်သံညံခဲ့ဖူးသည် ။လောင်းတဲ့သူက တစိမ့်စိမ့်ဖြည်းဖြည်းချင်း
လောင်းလေ...ရေလောင်းခံရတဲ့သူက ရင်တွေ ပိုခုန်လေ.. သူ့ရင်ခုန်သံ ကိုယ့်ရင်ခုန်သံ... ကြားနေရသလိုလို ။
တချိန်တခါစီမှာ ရှိခဲ့ဖူးသည်ပေါ့ကွယ်။

တက္ကသိုလ်ကျောင်းသူအရွယ်ရောက်လာတဲ့အခါမှာတော့ ကလေးတွေ လမ်းမှာရေပက်တယ်ဆိုတာ မရှိတော့ပါဘူး ...။
လူငယ်တွေက ရေပက်ခံထွက်ရင်ထွက် ...ဒါမှမဟုတ် မဏ္ဍပ်ထိုင်... ပတ်ဝန်းကျင်အနေအထားကလည်း
 ကန်ထရိုက်တိုက်တွေများလွန်းတော့ အိမ်သုံးဖို့တောင် ညည ရေစောင့်တင်နေရတော့  ကလေးတွေရေထွက်ပက်ဖို့ ဆိုတာ မလွယ်ရေးချ မလွယ်ပါ။

သင်္ကြန်ဆိုတာကလည်း တဖြည်းဖြည်းနဲ့ ရိုးရာယဉ်ကျေးမှု့ အနေအထားတခုကနေ ကဲချင်တိုင်းကဲကြတဲ့ ပွဲတော်
တခုလိုဖြစ်လာခဲ့သည်။အေးအေးဆေးဆေး ပျော်ကြတဲ့သူတွေရှိသလို ... သင်္ကြန်အကြောင်းပြုပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်နေကြတဲ့သူတွေလည်း များလာသည် ။

ပြောင်းလဲလာတဲ့ခေတ်တခုမှာ...ပြောင်းလဲသွားကြတာတွေကတော့ တော်တော့်ကို များပါသည်။
ဘယ်လိုအပြောင်းအလဲတွေဆိုတာကတော့ ခေတ်နဲ့ အတူ ပါဝင်စီးမြောလာသူတိုင်းသိကြပါသည် ။
ကျမကတော့ သင်္ကြန်ရောက်လာတိုင်း ဟိုးးးးးငယ်ဘဝရေပြွတ်ကလေးနဲ့ရေပက်ခဲ့တဲ့သင်္ကြန် ဆယ်ကျော်သက်ဘဝက
ရင်ခုန်သံတွေနဲ့ ဆူညံဖူးတဲ့ သင်္ကြန် .... ရေလောင်းမယ်နော်လို့ ခွင့်တောင်းခံခဲ့ရဖူးတဲ့သင်္ကြန်...
သူငယ်ချင်းတွေ စုပြီးမုန့်လုပ်ခဲ့ဖူးတဲ့သင်္ကြန်... ....      ....
ရှေးရှေးတုန်းက သင်္ကြန်လေးတွေကို အမှတ်ရနေဆဲ....။


ပစ်ပစ်
14.4.2016   (သင်္ကြန်အကြတ်နေ့)
Am  3:13







(ငယ်ငယ်က သင်္ကြန်ကာလတွေကို အဝေးကြီးကနေလွမ်းနေရသူပါ ။)

10 January 2016

မြေနီကုန်း....မြေနီကုန်း

Posted by blackroze at Sunday, January 10, 2016 1 comments
အဲဒီနေ့က  ဘတ်စ်ကားတွေလူသိပ်မကြပ်ဘူး ။

မြန်မာပြည်ကို ခဏပြန်လည်တဲ့ အချိန်မှာ အင်းစိန်ဘက်ကို ကိစ္စ တခုရှိလို့ သွားခဲ့ သည် ။လိုက်ပို့ပေးဖို့ ဘယ်သူမှ မအားတာကြောင့် ကိုယ့်ဘာသာတယောက်ထဲ သွားခဲ့သည်  ။အမကတော့ အပြန်လာကြိုပေးမယ်လို့ ပြောပေမဲ့ ..အားနာတာကတကြောင်း  ကျမတယောက်ထဲ အေးအေးဆေးဆေး သွားချင်တာတကြောင်း  အဲနှစ်ကြောင်းပေါင်းပြီး  ကိုယ့်ဘာသာပြန်လာမယ် ..မလာနဲ့လို့ဘဲ မှာခဲ့လိုက်သည် ။

အသွားက တွေ့ချင်တဲ့သူနဲ့တွေ့ ပြီး ယူစရာရှိတဲ့ စာရွက် စာတမ်း ယူရုံဘဲဆိုတော့  အချိန်သိပ်မကြာလိုက်ဘူး ။
အပြန်ကျတော့ ဘတ်စ်ကားတွေချောင်နေတာတွေ့တာနဲ့  ဆူးလေ..ဆူးလေ  လို့ အော်နေတဲ့  ကားတစီးပေါ်တက်ခဲ့လိုက်သည် ။

ကားကနေ့လည်ဘက်ဆိုတော့ နေရာလွတ်တွေ အများကြီးဘဲ ..အဲတာနဲ့ နောက်ဆုံး တန်း အလည်လောက်မှာ သွားထိုင်လိုက်သည် ။ ကျမကအလည်မှာဆိုတော့ ကျမရဲ့ ဘယ်ဘက်ဘေးတယောက်ကျော် ပြတင်းပေါက် နားမှာက ကောင်မလေး တယောက် ထိုင်နေတာတွေ့တယ်  ။အဲဒီကောင်မလေးပုံစံက အသားဖြူ ဖြူ ..
ပိန်ပိန်သွယ်သွယ် ဆံပင်ရှည်ရှည် ပုံစံလေး  ..ဖေ့ဘုတ်စကားနဲ့ပြောရရင်တော့ အလန်းလေး  ပေါ့  ။ 360 မသုံးဘဲနဂို အသားလေးကိုက ဖွေးနေတာ ...ကြည့်ရတာ .ခပ်သွက်သွက်ပုံစံလေး...ဒါကကျမ ဘာသာ သူ့ကို ကြည့်ပြီး အကဲခတ်လိုက်တာပေါ့ ။

သူက အခုခေတ်ပုံစံ ပေါ့ ဖုန်းတလုံးကို တောက်လျှောက်ပွတ်နေတာ ။
သူ့ဘာသာ ပွတ်နေတာက ပြသနာ မရှိပါဘူး ..။ကားပေါ်ကို နောက်ထပ်အတွဲတတွဲ တက်လာပါတယ် ။ ကျမဘေးနားက လွတ်နေတဲ့ ခုံမှာလာဝင်ထိုင်ပါတယ် ။ အတွဲတို့ရဲ့ သတ်မှတ်ချက်ထုံးစံတွေ အတိုင်းပေါ့ ။ ပူးပူးကပ်ကပ် ထိုင်တယ်...တိုးတိုး  ..တိုးတိုး  နဲ့ပြောတယ်.. အသံမပွင့် တပွင့်နဲ့ တခိခိ ရယ်တယ်.. ပါးလေး မသိမသာ ကိုင်တယ်..မျက်စောင်းမသိမသာထိုးတယ် ..တမင်တကာ ကြည့်နေတာ မဟုတ်ပေမဲ့ ..ကြားနေတွေ့နေရတော့လည်း အလိုက်တသိနဲ့ ဘေးက ကောင်မလေးနားကို နည်းနည်း တိုးပေးလိုက်ပါသည် ။

အဲဒီမှာ ကျမနဲ့ အဲဒီ ကောင်မလေး စတွေ့တော့တာပါဘဲ ။

ကားက မြန်မာပြည်ဘတ်စ်စကားတို့ရဲ့ မောင်းပုံ မောင်းနည်း အတိုင်း ဝူးခနဲမောင်းတယ် ။  ဝုန်းခနဲ ဘရိတ်အုပ်တယ်.. ကားကလည်း လူချောင်နေတော့ ထိုင်နေတဲ့ သူတွေက
ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် နဲ့ပေါ့ ။ကျမက ဘေးနားက အတွဲကိုအားနာတော့ ဒီဘက်ကကောင်မလေးနား တိုးထိုင်ထားတာ ဆိုတော့
ကားကဘရိတ်တခါအုပ်လိုက်ရင် ကောင်မလေးက ကျမဘက်ကို အလိုက်သင့်လေး လျောကျလာပြီး ကျမ ပခုံးကို လာလာမှီပါတယ် ။မိန်းကလေးချင်းမို့ ပြသနာမရှိပေမဲ့ ..သူကမှီပြီးရင် ပြန်မထ တော့ပါဘူး ။
အမှန်ဆို ကားကဘရိတ်အုပ်လို့ ယိမ်းတယ်..ပြီးရင် ကိုယ့်ဘာသာမတ်မတ်ပြန်ထိုင်ပေါ့ .. အခုက အဲလိုမဟုတ်ဘူး.. ဘရိတ်တခါအုပ်ရင် လျောကျလာပြီး ပြန်မမတ်တော့ ဘူး..ကျမ ကိုမှီနေရော ။ ကျမ က အလိုက်တသိနဲ့ နောက်တခါဘရိတ်မအုပ်ခင် ပခုံးနဲ့ မသိမသာ ပြန်တွန်းပြီး ပြန်မတ်ပေးလိုက်ရတယ် ။ကျမက သူ့ကို အဲလိုတွန်းပြီး ပြန်မတ်ပေးလိုက်ရင် ကောင်မလေးက လှမ်းလှမ်းမေးတယ်..
" မြေနီကုန်း ရောက်ပြီလားဟင် ...တဲ့.." မရောက်သေးပါဘူးလို့ ဖြေပေးလိုက်ပါတယ် ။

ဘရိတ်တခါအုပ်...တခါမှီ... တခါမေး ..မြေနီကုန်းရောက်ပြီးလားဟင် ..ဆိုတာပါဘဲ ။ဖုန်းကို ဘဲ ပွတ်ပြီး တဟီးဟီး လုပ်နေမဲ့ အစား ကိုယ်စီးလာတဲ့ကား ဘယ်နေရာ ရောက်နေလည်းဆိုတာ သူ့ဘာသာ မကြည့်တတ်ဘူးလား..။အသက် 20 ဝန်းကျင်လောက် ရှိနေတဲ့ မိန်းကလေးတယောက်က ဖုန်းကိုဘဲ အာရုံစိုက်ပြီး ကိုယ်သွားချင်တဲ့နေရာ ရောက်..မရောက်ဆိုတာ မကြည့်နိုင်တော့ဘူးဖြစ်နေပါသည် ။

တခါ နှစ်ခါ ..သုံးခါ..လေးခါ ..ငါးခါ မကတော့ပါဘူး..ကားကလည်း  သမိုင်းလမ်းဆုံ ဘဲရောက်သေးတယ်..ဘရိတ်က 10 ခါလောက် အုပ်ပြီးနေပြီ ။..ကျမလည်း တော် တော် လေး စိတ်တိုနေပြီ ။ကောင်မလေးက ဖုန်းကိုဘဲ အာရုံစိုက်နေတာ ။
သူ့ဖုန်းကနေ viber နဲ့ facebook နှစ်ခုလုံးကို ဟိုဝင်ဒီထွက်နဲ့ သုံးနေတာ ။
ဒါက ဘတ်စ်စကား စီးနေတာလေ ။ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေသင့်တာပေါ့ ။ကျမနေရာမှာသာ ယောက်ကျားလေးတယောက်ဆိုရင် အဲဒီကောင်မလေးနဲ့ ရည်းစားတောင် ဖြစ်လို့ရနေလောက်ပြီ ။သူမှီလာရင် ရင်ခွင်ထဲ အသာလေးပွေ့ထားပြီ မြေနီကုန်း မရောက်သေးဘူးနော်.ဆိုပြီး ကားပေါ်က အချစ်ဇာတ်လမ်းတွေတောင် ဖြစ်နေလောက်ပြီ ။

နေ့လည်ကားချောင်တဲ့ အချိန်ဆိုတော့ .ကားပေါ်ကနေ ဟိုငေးဒီငေးနဲ့ ဆူးလေအထိ လိုက်စီးသွားမယ် ..ပြီးရင် လသာ ဘက်ရောက်ရင် ကျမ တရုတ်ကျောင်းတက်တုန်းက ဆရာကို သွားတွေ့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဒီကားပေါ် တက်လာခဲ့တာ ။အခုတော့ ကားက လှည်းတန်းတောင် မရောက်သေးဘူး.. မြေနီကုန်း ဇာတ်လမ်းကို ဝင်ပြီး ကပြနေရတာနဲ့တင်
ဒေါသတော်တော် ထွက်လာပါသည် ။

အစပိုင်းကတော့ .. " သြော် ..မြေနီကုန်းရောက်ရင် ဆင်းသွားမှာဘဲလေ..
အလွန်ဆုံးနာရီဝက်လောက်ပါဘဲ .." ဆိုပြီး သည်းခံပြီး စီးလာပေမဲ့လည်း..။

လှည်းတန်းကို ရောက်လာတဲ့ အခါ
ကားကလည်း မှတ်တိုင်ကို တခြားကားတွေ နဲ့ပြိုင်ပြီး အလုအယက် အဝင် ..
ထုံးစံအတိုင်း ဘရိတ်ကို ဝုန်းခနဲ အုပ် ...
ကောင်မလေးကလည်း ဘရိတ်အုပ်တိုင်း လုပ်နေကြ အတိုင်း ကျမဘက်ကို အလိုက်သင့်လေး လျောပြီး မှီချ ...
ကားစပယ်ရာကလည်း လှည်းတန်း ဆင်းမဲ့သူတွေ ဆိုပြီး လှမ်းအအော် ...
အဲဒီလို အကြောင်းခြင်းအရာတွေ တချိန်ထဲ တိုက်ဆိုင်သွားချိန်မှာ ..
ကျမ လည်း ဖြတ်ခနဲ ဆုံးဖြတ်ချက်ချပြီး ကားပေါ်ကဆင်းခဲ့ လိုက်ပါတော့သည်  ။။။။

(2016 အတွက် ပထမဦးဆုံး ပိုစ့်လေးပါ  ။2015 ..2လပိုင်း မြန်မာပြည်ပြန်တုန်းက
အဖြစ်လေးကို ရေးထားတာပါ )



ပစ်ပစ်
AM  00:29
10.1.2016

20 December 2015

တချိန်တုန်းက ခရစ်စမတ်

Posted by blackroze at Sunday, December 20, 2015 2 comments
December 25 ဆိုတာ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့  ခရစ်စမတ်နေ့လေးပေါ့ ။
ဘာလိုလိုနဲ့ ခရစ်စမတ်တောင် နီးလာပါပေါ့လား....။




ကျမက ခရစ်ယာန် ဘာသာဝင်မဟုတ်ပေမဲ့ ... ခရစ်စမတ်ကို သဘောကျမိပါသည်.. ။
အလုပ်ပိတ်အားလပ်ရက်လည်းဖြစ်သလို  ကျမမွေးဖွားတဲ့ လရဲ့ အထိမ်းအမှတ်ရက်လေး လည်းဖြစ်လို့ပါ ။
ငယ်ငယ်တုန်းက ခရစ်ယာန်သူငယ်ချင်းမလေးတယောက်ရှိတယ်.. ။ သူ့နာမည်က နှင်းတဲ့ ။ ကျမဘဝရဲ့ ပထမဆုံးမွေးနေ့လက်ဆောင် ဆိုတာကို သူ့စီက ရခဲ့တာပါ ။နှလုံးသားကျမ်းစာဆိုတဲ့ ကျမအကြိုက်ဆုံးသီချင်းကိုလည်း သူမစီကဘဲ ကက်ဆက်ခွေငှားပြီး နားထောင်ခဲ့ဖူးသည် ။ အဲဒီခေတ်တုန်းကတော့ tape ခွေ ခေတ်ပေါ့ ။အဲဒီသီချင်းကိုအတန်းထဲမှာ ..ဆရာမ စာကူးခိုင်းထားတဲ့အချိန်မှာ သူ တိုးတိုးလေးဆိုပြတာနားထောင်ပြီး  ကျမ နှင်းစီကနေ ကက်ဆက်ခွေငှားပြီး
နားထောင်ဖြစ်ခဲ့တာပါ ။စာသင်ခန်းထဲကအမှတ်တရတွေပေါ့ ။

ကျမ အလယ်တန်းကျောင်းသူဘဝတုန်းက အမြဲတတွဲတွဲ သူငယ်ချင်း လေးယောက်ရှိသည် ။
နှင်းနဲ့ကတော့ ကျန်တဲ့နှစ်ယောက်ထက် ပိုခင်တယ်လို့ ပြောရပါမယ် ။ပိုအတွဲများတာပေါ့ ။
ကျမမွေးရက်က ဒီဇင်ဘာ 14 .. နှင်းက 22 ..နောက်တယောက်က 24 ...နောက်တယောက်က 29 ။
အားလုံး ဒီဇင်ဘာလ Born တွေကြီးဘဲ...မွေးနေ့တွေကလည်း ဆက်တိုက်ဆုံတာပါ ။
ကျမဘဝမှာက ဒီဇင်ဘာအမှတ်တရတွေ များပါသည် ။ အခုလည်း အမှတ်တရ များတဲ့ ဒီဇင်ဘာ ရောက်လို့ လာပြန်ပြီ ။

ခရစ်စမတ်ညဆို ကျမအခုလက်ရှိနေထိုင်နေတဲ့ နိုင်ငံမှာလည်း အရမ်းစည်ပါတယ် ။ ခရစ်စမတ်နဲ့ New Year ညတွေဆို မီးရှုးမီးပန်းဖောက်တာကြီးဘဲ တန်ဖိုးမနည်းပါဘူး။ လူငယ်တွေအတွက်တော့ သိပ်ကိုပျော်ကြတဲ့ အချိန်အခါသမယပေါ့ ။ ရာသီဥတုကလည်း အေးအေးနဲ့ အလုပ်ပိတ်ရက် ကျောင်းပိတ်ရက်နဲ့ဆုံတာဆိုတော့  လည်လို့ လည်း
အဆင်ပြေ ။အပေါင်းအသင်း နဲ့ချိန်းလို့လည်း ကောင်း  ။ ကဲ...ပျော်စရာကြီးဘဲပေါ့နော် ။

ကျမမှာလည်း တချိန်တုန်းက သိပ်ပျော်စရာကောင်းတဲ့ အမှတ်တရ ခရစ်စမတ်နဲ့ new year ညတွေ
ပိုင်ဆိုင်ခဲ့ဖူးပါသည် ။ အချိန်ဆိုတာက နောက်ပြန်လှည့်လာတတ်တာ မဟုတ်လေတော့ အမှတ်တရနဲ့
ပျော်ရွှင်မှု့တချို့ကို အတိတ်မှာ ပြန်ရှာကြည့်..ပြန်တမ်းတမိတာလွဲလို့  အရာရာဟာ ကျန်ခဲ့လေတော့သည်။
ကျမ ရဲ့ခရစ်ယာန်သူငယ် ချင်းလေး  နှင်းလည်း အခုဆိုဘာတွေ လုပ်နေမယ်မသိတော့ပါဘူး ။

တချိန်တုန်းကတော့ ခရစ်စမတ်နေ့ဆို နှင်းက ကျမအိမ်ကိုမုန့် လာပို့နေကြ ။သူမုန့်လာပို့တဲ့ အချိန်ဆို
ကျမက သူ့အတွက်လက်ဆောင်ပေးဖို့ပြင်ထားတဲ့ ပါဆယ်ထုပ်လေးနဲ့ Christmas card လေးကို
ပြန်ထည့်ပေးလိုက်တတ်ပါသည် ။ သူကြိုက်တတ်တဲ့ နှုတ်ခမ်းနီ ....    album စာအုပ် ... ခေါင်းစည်းကြိုး
ကလစ် ... တခုခုပေါ့ ..တန်ဖိုးရှိလွန်းတဲ့ ပစ္စည်းမဟုတ်ပေမဲ့  အမှတ်တရ ဖြစ်ခဲ့ပါသည် ။
ကျမကလူတွေကို အပိုပစ္စည်းတွေ မပေးချင်ပါဘူး..တကယ်လိုတာမျိုးဘဲ လက်ဆောင်ပေးချင်တာပါ ။
ငယ်ကထဲကအဲဒီစိတ်ဓါတ်ရှိခဲ့တာပါ ။နှင်းကိုလည်း ခရစ်စမတ်နီးလာရင် သူ့အတွက်ဘာလိုလည်း
ဆိုတာကြိုပြီးအကဲခတ်ထားလိုက်ပါသည် ။သူမဝယ်ရသေးဘူးထင်တဲ့ ပစ္စည်းမျိုးကို ရွေးပြီး
လက်ဆောင်ပေးဖြစ်တာများပါသည်။


ကျမပေးတဲ့ ပါဆယ်ထုပ်ဖောက်ပြီးတိုင်း သူမ တအံတသြ
မေးတတ်ပါသည် ။ " ငါဒါလိုတာနင်ဘယ်လို သိတာလည်း "ဆိုပြီးတော့ပါ ။အဲဒီအခါကျရင် ကျမကလည်း ပြုံးစိစိနဲ့ " ငါက ရိုးရိုးလူမဟုတ်ဘူးလေဟာ...အာရုံရနေတာလေ.. "ဆိုပြီး သူ့ကို ပြန်စတတ်ပါသည် ။ ဒါလေးကတော့ ကျမတို့နှစ်ယောက်ကြားက အမှတ်တရ လေးတခုပါဘဲ ။
တခါမတော့နှင်းက ပြောဖူးပါသည် ။ " ခရစ်စမတ်နီးလာပြီဆိုရင် ငါလိုနေတဲ့ပစ္စည်းတောင်မဝယ်သေးဘဲ ..
နင်လက်ဆောင်ပေးလာမှာဘဲဆိုပြီး စောင့်နေတတ်တာအကျင့်လိုတောင် ဖြစ်နေပြီ ဟ " ဆိုပြီးတော့ပါ ။

အခုလို ခရစ်စမတ်အချိန်ရောက်ပြီဆို ..ဖန်စီပစ္စည်းလေးတွေရောင်းတဲ့ ဆိုင်ဘက်ရောက်ဖြစ်တိုင်း
နှင်း ကိုသတိတရ ရှိမိတတ်သည်။ သူလည်းတချိန်တုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ ကျမကို သတိရမိမယ်ထင်ပါသည်  ။အခုဆို နှင်းလည်း ခရစ်စမတ်လက်ဆောင်လေးတွေကို သူ့မိသားစုတွေ
အတွက်ဖြစ်ဖြစ် အပေါင်းအသင်း သူငယ်ချင်းတွေ အတွက်ဖြစ်ဖြစ် ပြင်ဆင်နေပါလိမ့်မည် ။
သူ့ကို လက်ဆောင်ပေးလာမဲ့ လက်ဆောင်ပါဆယ်ထုပ်လေးတွေကိုလည်း လက်ခံဖို့
 စောင့်မျှော်နေပါလိမ့်မည်။ တချိန်တုန်းက သူ လိုအပ်မယ်ထင်တဲ့ ပစ္စည်းလေးတွေကို အမြဲတမ်း
ခန့်မှန်းပြီး ခရစ်စမတ်လက်ဆောင် ပေးခဲ့ဖူးတဲ့ သူငယ်ချင်းကောင်မလေး တယောက်ကိုလည်း
နှင်းသတိရမယ် ထင်ပါသည် ။ နှစ်တွေတော့တော်တော် ကြာခဲ့ပါပြီ ..။ဒါပေမဲ့ အမှတ်တရ ဆိုတဲ့
အရာတွေက ပျောက်သွားတတ်တဲ့ အရာတွေမဟုတ်တဲ့  အတွက်ကြောင့် အခုလို ခရစ်စမတ်နီးလာတိုင်း  ငယ်ငယ်တုန်းက နှင်းဆိုတဲ့ သူငယ်ချင်းလေးကို ကျမသတိရမိတတ်ပါသည် ။



ဖန်စီပစ္စည်းနဲ့ အလှကုန်တွေ ရောင်းတဲ့ ဆိုင်ဘက်ရောက်ရင် မီးလုံးတွေနဲ့ အလှဆင်ထားတဲ့ခရစ်စမတ်
ပန်းတွေအရုပ်တွေကို ... တခုချင်းစီသေချာ လိုက်ကြည့်ရင်း  အခုနေခါဆို နှင်း လိုအပ်တာဘာများ
ဖြစ်မလည်း  တွေးမိတတ်သည် ။ တနေ့မှာတော့  နှင်းစီကို ခရစ်စမတ်အမှတ်တရ လက်ဆောင်လေးတခု
ကျမပေးဖြစ်ပါဦးမည် ။အဲဒီအခါကျရင် နှင်းကပါဆယ်ထုပ်လေးဖောက်ပြီး " ဒါငါလိုနေတာ နင်ဘယ်လိုလုပ်သိလည်းလို့" ပြန်မေးဦးမလား  မသိ  ................ ........ ..... ။။။။။


ပစ်ပစ်
Am 2:18
20.12.2015
(ပုံတွေကတော့ google ကပါ )


01 December 2015

တောင်းဆု

Posted by blackroze at Tuesday, December 01, 2015 0 comments
တဆစ်ဆစ်နဲ့ကိုက်နေတဲ့လက်တဖက်...
စိတ်ထဲကနေ ဆုတောင်းနေမိတယ်..
ဝေဒနာတွေသက်သာပါစေလေ..
မှတ်မှတ်ရရ ပါဘဲ
အဲဒီနေ့က ဒီဇင်ဘာလတရက်နေ့ ..
ငါ့အတွက်တော့ မချိုသာတဲ့ ဒီဇင်ဘာ..

blogger တယောက်အဖြစ်နဲ့ ခံစားမိရာလေးတွေ
ရေးခဲ့တာ ဘာလိုလိုနဲ့ 6နှစ်တောင်တိုင်ခဲ့ပြီဘဲ။။။

ပစ်ပစ်
am 1:49
1.12.2015

13 November 2015

လွဲလွဲလေးနဲ့ကျမ

Posted by blackroze at Friday, November 13, 2015 3 comments
လောကမှာ အချိန် -အသက်အရွယ်နုပျိုမှု့ ဆိုတာကို ငွေနဲ့ဝယ်ယူလို့မရပါဘူး ။
ဒါပေမဲ့ ကျမတို့တွေ အားလုံး ဟာ ငွေရှာဖို့အတွက် အချိန်ဆိုတာနဲ့ အသက်အရွယ် ဆိုတာကို
သတိမထားမိဘဲ ငွေ ..ငွေ.. ဆိုတဲ့ အသိတခုနဲ့ ဖြတ်ကျော်လာကြပြန်သည် ။
လူတိုင်းတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ မိဘအသိုင်းအဝိုင်း ချမ်းသာတဲ့သူအဖို့ကတော့ ငယ်စဉ်ကထဲက
အပူပင်ကင်းကင်းနဲ့ ဘဝကိုစတင်လို့ရပါလိမ့်မည် ။
လူဦးရေ ပမာဏနဲ့ အချိုးကျရင်  သုံးပုံနှစ်ပုံသော လူတွေဟာ ကျမဆိုသလိုပါဘဲ  ငွေဆိုတာကို
အချိန်နဲ့ အသက်အရွယ်ကို မေ့ထားပြီး ရှာခဲ့ကြတာပါ ။

ငွေတခုထဲနဲ့ဘဝ တခုတည်ဆောက်လို့ရလားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ဒါဆိုငွေထက်ပိုအရေးကြီးတာ
ကဘာလည်းဆိုတော့ စစ်တမ်းကောက်သလိုရေတွက်ကြည့်ပြန်ရင်လည်း ငွေနဲ့ဝယ်လို့မရ ငွေထက်အရေးပါတာတွေက
ရှိနေပြန်ရော ။ မုန့်လုံးနဲ့ဂျာအေး အပြန်အလှန် စက္ကူကပ်နေသလိုပါဘဲ ။ပထမအရွယ် ပညာရှာ..အခုခေတ်မှာတော့
ပထမ ပညာရှာတဲ့အရွယ်မှာတင် တချို့တွေကပညာရှာရင်းနဲ့အလုပ်တဘက်တွဲလုပ်လို့ ပညာနဲ့အတူ ငွေပါ ရှာနေကြရသည် ။

ငွေဆိုတာကလည်း အလွယ်တကူရှာလို့မရတဲ့ အရာဝတ္ထု တခုဖြစ်လေတော့  ပညာရှာရမဲ့အရွယ် ပညာသာသေချာရှာပါလို့
မပြောရဲကြဘူး ။ ကျမဆို ပညာရှာတဲ့အရွယ်မှာ direction တခုသေချာမထားဘဲ flow တခုအတိုင်းဘဲ စီးဆင်းခဲ့တာ ။
ဘွဲ့လေးတခုရတော့ သူများနည်းတူ ငွေ ..ငွေ  ဆိုပြီးငွေနောက်လိုက်ခဲ့တယ် ။ တကယ်တမ်း ဘဝကိုသေချာနားလည် ဆန်းစစ်
မိတဲ့အချိန်မှာတော့ ကျမဖြစ်ခဲ့တဲ့ ဆန္ဒနဲ့ ကျမ ရွေးချယ်လိုက်မိတဲ့ ဘဝက လွဲနေခဲ့ပြီ ။ဒီအချိန်ကျမှ တည့်မတ်အောင်
ပြန်လုပ်လို့လည်း မဖြစ်နိုင်တော့ပြန်ဘူး ။ကျမ ရှာဖွေနေတယ်ဆိုတဲ့ ငွေကလည်း ကျမလိုချင်သမျှ ဆန္ဒတွေအကုန်ပြည့်အောင်
ဖန်တီးပေးနိုင်သလားဆိုတော့လည်း   .... လိုအပ်နေတာတွေကတခုမဟုတ်တခု ရှိနေခဲ့တာဘဲ ။

ဒီအချိန်ကျမှ ဘာဆက်လုပ်မလည်းဆိုပြီး အစအဆုံး ပြန်လှန်ကြည့်ပြန်ရင်လည်း အသက်အရွယ်ကလည်း
နောက်ပြန် လှည့်လို့မရ ....  အချိန်တွေကလည်း တော်တော်လေးကုန်ခဲ့ပြီး  ..ငွေတွေရော အများကြီးရှိနေပြီလားဆိုတော့
ဦးနှောက်ရဲ့စာရင်းအင်းဌာနက သတင်းပို့တယ်... NOOOOOOOO  တဲ့လေ ....။

ကဲ...အဲဒီတော့ ဟိုးအစကထဲက လွဲခဲ့တဲ့ အလွဲ တခုကို အခုချိန်မှ ပြန်တည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... ။
အဲဒီတော့လည်း သက်ပြင်းလေး အသာချလို့ အခုအနေအထားလည်း ကိုယ်တိုင်ရွေးချယ်ခဲ့တာဘဲလေ..
သူများတွေလိုပါဘဲ..အေးအေးဆေးဆေး ဖြတ်သန်းလို့တော့ ရနေသားဘဲ..မဆိုးပါဘူးလေလို့
ကိုယ့်ဘာသာကို မချိပြုံးလေး ပြုံး  ...ပြန်အားပေးရတယ်..
အဲဒီတော့မှ မချိသွားဖြဲ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို သေချာသဘောပေါက်သွားသည်။

တကယ်တော့ ဘဝမှာ ငွေ ..အသက်အရွယ်..အချိန်ကာလ ...ဒီသုံးခုက မျဉ်းပြိုင်လိုဘဲ...
တခုနဲ့တခုက ပြိုင်ပြီးတာထွက်လာတာ..အဲဒီတော့ ပန်းတိုင်ကိုလည်း သုံးခုစလုံး ပြိုင်ပြီး
ရောက်လာမှာ ။ ငွေကအရင်ရောက်ပြီး အသက်အရွယ်နဲ့ အချိန်က အများကြီးနောက်ချန်ပြီး နေခဲ့မှာတော့ မဟုတ်ဘူး.။
ငွေရှာရင်းနဲ့ အသက်တွေကြီးအချိန်တွေလည်း တဖြည်းဖြည်းတိုက်စားလာမှာ... ။

လွဲလွဲလေး ဖြစ်သွားတယ်ဆိုတဲ့ ကျမလိုအနေအထားနဲ့ စာရင် သေချာတွက်ချက်ထားတဲ့ စီစဉ်မှု့တခုနဲ့
ဖြတ်သန်းလာနိုင်တာပိုကောင်းပါတယ်။လွဲတယ်ဆိုတာ ..ရည်းစားနဲ့လွဲရင်လည်း မကောင်းဘူး..။
ဖြစ်ချင်တဲ့ဆန္ဒတွေလွဲရင်လည်း မကောင်းဘူး ။ သူငယ်ချင်း နဲ့ချိန်းထားပြီးလွဲရင်တောင် မကောင်းဘူး ။
အလွဲဆိုတာဘယ်အလွဲမှ မကောင်းဘူး ။ကျမကတော့ ဆန္ဒတွေတော်တော်များများလွဲခဲ့တယ် ။
အဲဒီတော့  လူငယ်တွေ ကိုကျမလို မလွဲစေချင်ဘူး .. ... ။
ကျမကတော့ ဒီအလွဲလေးအတိုင်းကိုဘဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ ကြိုးစား နေဆဲပါ ။။။

ပစ်ပစ်
Am  1:31
13.11.2015
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei