ကြာပါပြီ...တော်တော်လေးတော့ကြာခဲ့ပါပြီ..
အတိအကျပြန်တွက်ရင်တော့ ကျမ ဒုတိယနှစ် တက်နေတဲ့ အချိန်ဆိုပါတော့လေ...
အဲဒီအချိန်တုန်းက မှော်ဘီမှာ နေတဲ့ သူငယ်ချင်း တယောက်က နေမကောင်းဘူးဆိုလို့
သူမှာတဲ့ ဆေးနဲ့ မုန့်တွေ ယူ ပြီး သွားပို့ပေးတဲ့နေ့ပေါ့...
ကားကျပ်မှာဆိုးလို့ မနက်စောစော သွားကာမှ ကားကလည်းတော်ရုံနဲ့ မရ
အဲဒီအချိန်မှာဘဲ ကားတစီးက ခေါင်းခန်းရတယ်အမ လိုက်မလား ဆိုတာနဲ့ ကျမလည်းဝမ်းသာအားရပေါ့...။။
ကားပေါ်တက်ပြီးကာမှ နဂိုထဲက လိုက်လာတဲ့ မိန်းကလေး တယောက်က ရှိနှင့်နေပြီးသား
အသက်ကတော့ ကျမနဲ့ မတိမ်းမယိမ်းလောက်ပါဘဲ..။သူပုံစံကြည့်လိုက်ကထဲက
ကျမစိတ်တော့ သွားပြီလို့ ..ငါတော့ဒီကားစီးမိတာ မှားပါပြီလို့...တက်ထိုင်ပြီးကာမှ ပြန်ဆင်းလိုက်ရ
ကောင်းမလား..ဆက်လိုက်သွားရ ကောင်းမလား... ဝေခွဲမရ ဖြစ်နေမိတယ်။
ကားကလည်းကျမ တက်ပြီး 2မိနစ်လောက်ဘဲ ရှိမယ် ..ထွက်ပါတယ်..အစကတော့ အဲလိုကားမှတ်တိုင်မှာကြာကြာ မရပ်ဘဲ သွားရင် စိတ်ထဲသဘောကျပေမဲ့..ဒီနေ့တော့ ကားသမားကို
ဘာလို့ ဒီလောက်မြန်မြန်ထွက်ရတာလဲလို့ စိတ်ထဲကနေ ကြိတ်အပြစ်တင်မိတယ်..ကျမကိုယ်
ကျမလည်း ကားပေါ်က မြန်မြန်ပြန်ဆင်းလိုက်တာ မဟုတ်ဘူးလို့ အပြစ်တွေ တင်လို့ ။
ကားပေါ်ကမိန်းကလေး ကလည်း ကျမအမူအယာကို ကြည့်ပြီး ကျမစိတ်ထဲ
ဘယ်လိုဖြစ်နေတယ်ဆိုတာ ရိပ်မိသွားပုံ ရပါတယ်..သူ့ဘာသာမသိသလိုဘဲနေရင်း
ငြိမ်ငြိမ်သက်သက် ပါလာတယ်ဆိုပါတော့ ။
နောက်တော့ သူ့ပိုက်ဆံ အိတ်ကလေးကို ဖွင့်ပြီး အိတ်ထဲက ထွက်လာတဲ့ 500 တန်
1000 တန် အခေါက်လေးတွေကို တရွက်ချင်းဖြန့် ပြီး ရေတွက်နေပါတယ် ။
ကျမလည်းသူ့ကို ကြည့်ရတာ မွန်းကြပ်သလိုလို ရှိလာလို့ သူနဲ့ မထိအောင်
ကားတံခါး ဘက် တိုးကပ်ထိုင်ရင်း ဘာသိဘာသာ နေလိုက် သည် ။
သူက အနွေးထည်လို အကျီလေးတထည်ကို ပေါင်ပေါ်တင်ထားပြီး လက်တဘက်ကလည်း
သောက်လက်စ အအေးထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်လေး ကိုင်လို့ ..။ အအေးထည့်ထားတဲ့
အိတ်လေးက အငွေ့ ပျံပြီး ရေစက်လေးတွေ ကျနေတော့ ကားမောင်းတဲ့သူက
"" နင့်ကျွတ်ကျွတ်အိတ်ပြစ်မှာလား..ကားပေါ်ရေ တွေစိုကုန်ပြီ "" လို့ လှမ်းပြောလိုက်သည် ။
မိန်းကလေးကတော့ "" ရတယ်ဦးလေး ..မပြစ်ဘူး "" ဆိုပြီး ကျွတ်ကျွတ် အိတ်လေးမှာ သီးနေတဲ့
ရေစက်လေးတွေကို ပေါင်ပေါ်တင်ထားတဲ့ အကျီလေးနဲ့ သုတ်နေတာမြင်ရပြန်တော့လည်း
စိတ်ထဲ မကောင်း သလို လို ဖြစ်မိပြန်တယ်...။
အဲလိုနဲ့ဘဲ လမ်းတဝက်လောက်က လမ်းဆုံလိုနေရာမျိုး ဆိုပါတော့ ..အဲဒီနေရာရောက်လာတယ်
အဲဒီမှတ်တိုင်ရောက်တော့ မိန်းကလေးက ..ကျမကို.. "" အမ ..ကျမဆင်းရမဲ့ မှတ်တိုင်ရောက်ပြီ
ခဏလောက်ဖယ်ပေးပါ အမ "" ဆိုပြီး ကျမကို လှမ်းပြောတယ်..
ကျမပုံစံ ကိုကြည့်ပြီး ကားမောင်းတဲ့ သူကလည်း ရိပ်မိနေပုံရတယ်... အဲတာကြောင့်မို့ထင်ပါတယ်..
အဲဒီမိန်းကလေးကို "" နင် ငါ ဘက်ကဆင်းလိုက် ..သူ့မှာလည်းအထုပ်တွေနဲ့ ဖယ်ပေးဖို့ မလွယ်ဘူး
ငါ့ဘက်က ဆင်း "" ဆိုပြီး သူကအရင်ဆင်းပေးလိုက်တယ်.. ။။
အဲဒီမိန်းကလေး ကားပေါ်က ဆင်းသွားမှ ကျမလည်းစိတ်ချ လက်ချ အသက်ရှုရဲတော့တယ်..
စိတ်ထဲမှာတော့ အဲလိုဘဝမျိုးတွေမတွေ့ချင်ဘူးလို့တော့ တွေးမိသား ..။
မိန်းကလေးကားပေါ်က ဆင်းလာတာကို မြင်သွားတယ်ထင်ပါတယ်..
ကားဂိတ် ဘေးနားက အမိုးလေးအောက်မှာ ရပ်နေတဲ့ အသားမဲမဲ ပိန်ခြောက်ခြောက် အဘွားအိုတယောက်နဲ့ အသက် 3နှစ်လောက် ရှိမယ်
ကလေးလေးတယောက် ထွက်လာပြီး မိန်းကလေးစီလျှောက်လာတယ်..
ကျမစိတ်ထဲလည်း ဘာဆိုတာသိချင်နေတာနဲ့ သူတို့ကို လိုက်ကြည့်မိတယ်..
စောနက ကျမရွံရှာနေတဲ့ မိန်းကလေး လက်ထဲက အအေးထုပ်လေးကို ကလေးလေးက လှမ်းယူ
ပြီးအားရ ပါးရ ပိုက်ကလေးကိုစုပ်သောက်နေလိုက်တာ...
နောက်တော့ အဲဒီနားလေးမှာ ရှိတဲ့ ပျံကျဈေးလေးထဲကို မိန်းကလေးက ကလေးလေး လက်ကို
ဆွဲလို့ ..အဘွားအိုက ကိုင်းတွေပဲ့နေတဲ့ဈေး ခြင်းတောင်းအစုတ်လေး တခုကို ဆွဲလို့ ဝင်ရောက်
ပျောက်ကွယ်သွားသည် ..။
အဲဒီမြင်ကွင်းကိုကြည့်နေရင်း ကျမရင်ထဲ တစစ်စစ်နဲ့ နာလာတယ်...ဘာမှန်းမသိတဲ့
နာကျင်ခံစားမှု့ တမျိုးကို ခံစားနေရတယ်.... သူတို့ သုံးယောက်ကတော့ လူတွေရှုပ်ထွေး
နေတဲ့ ဈေးထဲမှာ ပျောက်ကွယ်သွားပါပြီ..ဒါပေမဲ့ ကျမရင်ထဲမှာတော့ သူတို့ ပုံရိပ်တွေ
ထင်ကျန်ရစ်သွားတယ်..
ကားပေါ်မှာ ကျမ အမူအယာကိုကြည့်ပြီး ငြိမ်သက်နေတဲ့ မိန်းကလေး...
500တန် 1000 တန် အနွမ်းလေးတွေကို ထုတ်ရေ တွက်နေတဲ့ မိန်းကလေး ...
အအေးထုပ်လေးက ရေစက်တွေကို အကျီ လေးနဲ့ သုတ်နေတဲ့ မိန်းကလေး ...
ကလေးလေးလက်ကိုဆွဲထားတဲ့ မိန်းကလေး ....
အအေးထုပ်လေးကို အားရပါးရ ပိုက်ကလေးစုပ်သောက်နေတဲ့ လူမမယ်အရွယ်ကလေးလေး ...
ဈေး ခြင်းတောင်း အစုတ်လေးဆွဲထားတဲ့ အဘွားအို..... ။။။
ကျမရင်ထဲကနေပြီးတော့ အဲဒီမိန်းကလေးကို တိတ်တဆိတ်တောင်းပန်နေမိတယ်..
ကျမ ရဲ့အမူအယာ ရိုင်းပြသွားတဲ့ အတွက် ခွင့်လွှတ်ပေးပါလို့ နာနာကျင်ကျင်တောင်းပန်နေမိတယ်..
တကယ်တော့ သူ့ ဆီမှာ ဆန့် ကျင်ဘက်အရာ နှစ်ခုရှိနေခဲ့တာပါ... ...။။။။။
ပစ်ပစ်
Am 2:09
30.11.2013