21 April 2015

လက်ထပ်ထိမ်းမြားခြင်း...နောက်ကွယ်

Posted by blackroze at Tuesday, April 21, 2015 2 comments
အိမ်ထောင်မှု့ဘုရားတည်
ဆေးမင်ရည်စုတ်ထိုး
ဤသုံးချက်မပိုင်လျှင် ပြင်ရန်ခက်လှသည် ...ဆိုတဲ့စကားပုံ လူတိုင်းကြားဖူးကြမှာပါ ။

ကျမတို့မိန်းကလေးများနဲ့ပတ်သက်တဲ့ အချက်ကတော့ အိမ်ထောင်ပြု ခြင်းဆိုတဲ့ အာဝါဟဝိဝါဟ
လုပ်ငန်းပါဘဲ ... လက်ထပ်တယ်ဆိုတဲ့နေရာ မှာသူချစ်ကိုယ်ချစ် ချစ်လို့ယူကြသည် ..မိဘက သဘောကျလို့ မိဘစိတ်တိုင်းကျ လက်ထပ်သည် ။ဘယ်လိုနည်းနဲ့ဘဲ လက်ထပ်လက်ထပ်...
ထိမ်းမြားမင်္ဂလာ ကတိပြု လွှာ ဆိုတဲ့စာချုပ်လေးထဲ သတို့သားရောသတို့သမီးရော
လက်မှတ်ထိုးလိုက်တဲ့ အချိန်ကစလို့ ....ထိမ်းမြားမင်္ဂလာစာချုပ်နောက်ကွယ်မှာ ကွာရှင်းပြတ်စဲခြင်းဆိုတဲ့
စာချုပ်နောက်တစောင် ဖြစ်မလာအောင် ယူရတဲ့တာဝန်ကပိုကြီးတယ် ...လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရတာက စက္ကန့်ပိုင်းလေးပါဘဲ  ။တသက်လုံးတည်တံသွားအောင်ထိန်းသိမ်းရတာက
တဘဝလုံးပါ ။။။။

အဲလိုလက်မှတ်ထိုးထိမ်းမြားလက်ထပ်တဲ့အဆင့်ထိရောက်အောင်  ချစ်သူဘဝနဲ့ဘဲ ဖြစ်ဖြစ် ..မိဘချင်း
ရင်းနှီးလို့ မိဘစိတ်တိုင်းကျ တယောက်ကို တယောက်လေ့လာကြတာဘဲဖြစ်ဖြစ် ...မိတ်ဆွေသူငယ်ချင်းတွေက မိတ်ဆက်ပေးလို့ သူငယ်ချင်းအနေအထားနဲ့ တယောက်ကိုတယောက်လေ့လာကြတာဘဲဖြစ်ဖြစ် ...အချိန်တခုတော့ ယူရပါတယ်...လက်ထပ်ဖို့ အချိန် ယူရတာက တနှစ်ကြာရင်ကြာမယ်...နှစ် နှစ် ကြာရင်ကြာမယ်...ဒါပေမဲ့ကာလအပိုင်းအခြားတခုလောက်ဘဲ
အချိန်ပေးရတာပါ..

လက်ထပ်ပီးသွားတဲ့အခါမှာတော့  နှစ်ယောက်ပေါင်းပြီးတည်ဆောက်လိုက်တဲ့ အိမ်ထောင်တခုပြိုကွဲမသွား
အောင် ထိန်းသိမ်းဖို့အတွက်ကတော့ယောက်ကျားရော မိန်းမရော နှစ်ယောက်စလုံး
တဘဝလုံးတာဝန်ယူရတာပါ ။ဘယ်နှစ်နှစ်ဆိုတဲ့ အချိန်သတ်မှတ်ချက်မရှိတော့ပါဘူး သတ်မှတ်ချက် ကာလ
မရှိတဲ့တာဝန်ယူမှု့တခုပါ ။ဒီကြားထဲသားသမီးတွေရလာတဲ့အခါမှာ ဖြစ်လာတဲ့မိသားစုတခုကို
အဆင်ပြေပြေ ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်တည်ဆောက်ရတဲ့ တာဝန်လည်း မသေးလှပါဘူး..
ပြောရရင်တော့ သာယာတဲ့အိမ်ထောင်ရေးတခုဖြစ်လာဖို့ဆိုတာ  မိန်းမတယောက်ထဲမှာတာဝန်ရှိတာ မဟုတ်သလို ယောက်ကျားတယောက်ထဲမှာလည်း တာဝန်ရှိတာမဟုတ်ပါဘူး ..

နှစ်ဦးနှစ်ဘက် စလုံးမှာတာဝန်ရှိတာပါ ။

ချစ်သူဘဝနဲ့ အိမ်ထောင်သည်ဘဝ ဆိုတာ လုံးဝမတူပါဘူး .. လက်မထပ်ခင်ချစ်သူဘဝတုန်းက လက်ထပ်ပြီးရင် ဆိုပြီးမျှော်မှန်းထားခဲ့တာတွေက တကယ်တမ်းလက်ထပ်ပြီးတဲ့အခါမှာ မျှော်လင့်ထားသလို
ဖြစ်လာတယ်ဆိုတာ 100 မှာ 10 ယောက်တောင် မရှိချင်ပါဘူး.. ပြသနာတခုခု တက်လာတဲ့အခါ
" နင် မယူခင်တုန်းက မသိဘူးလား " လို့မေးရင်  .." အခုလိုဖြစ်လာမယ်လို့ ဘယ်သူကသိမှာလည်း" ဆိုပြီးပြန်ဖြေကြတဲ့သူကြီးပါဘဲ ။အဓိကတော့  ချစ်သူဘဝဆက်ဆံပုံနဲ့ အိမ်ထောင်သည် ဘဝ ဆက်ဆံပုံ
ကွာခြားသွားတာပေါ့  ... အိမ်ထောင်ရေး ဆိုကထဲက ယောက်ကျားရော မိန်းမရော နှစ်ဘက်စလုံး
ပါဝင်ပတ်သက်နေရတာပါ ..မယူခင်တုန်းကလည်း ဒီနှစ်ယောက်ပါဘဲ ယူပြီးတော့လည်း ဒီနှစ်ယောက်ပါဘဲ
လူအပြောင်းအလဲမရှိပါဘူး..ဒါပေမဲ့ မယူခင်နဲ့ယူပြီးကတော့ အနေအထား မတူကြတော့တာအမှန်ပါ ။

အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါမှာ အဆင်မပြေဖြစ်လာနိုင်စရာအနေအထားတွေက အမျိုးမျိုး
ရှိနိုင်ပါတယ် ။ စီးပွားရေး ကျန်းမာရေး  ဟိုဘက်ဆွေမျိုး ဒီဘက်ဆွေမျိုး အဆင်မပြေကြတာ..
ချွေးမနဲ့ယောက္ခမ  မတည့်တာ .. တဘက်နဲ့တဘက် ပြသနာသေးသေးလေးက စလို့ အကျယ်ကျယ်ဖြစ်လာ
တတ်ကြသည် ။

အဲဒီအချက်တွေထဲမှာ မှ အဆင်မပြေတာအများဆုံးဖြစ်နိုင်တဲ့ အနေအထားတခုက စီးပွားရေး ပါဘဲ..
ငွေကြေးနဲ့ စီးပွားရေးက တိုက်ရိုက်အချိုးကျပါသည် ...တချို့ အိမ်ထောင်ကတော့ ငွေကြေး အရမ်းပြေလည်တယ်.. မိသားစု ကပူပင်စရာမလိုဘဲ...ငွေကြေး ပြေလည် တတ်နိုင်လွန်းတော့
အိမ်ထောင်ဦးစီးလုပ်တဲ့ယောက်ကျားက တအိမ်ထောင်စရိတ်တင်မကဘူး ..နှစ်အိမ်ထောင်
သုံးအိမ်ထောင် စရိတ်တောင် တာဝန်ယူနိုင်အခါမှာ စပွန်စာပေးထားတဲ့ညီမလေးတွေ .. ကိုကြီးနဲ့မီးဇာတ်လမ်းတွေ  ...ဦးနဲ့သမီး ဆိုတာတွေ ဘာတွေညာတွေ ဖြစ်လာတတ်သည် ။
အိမ်ထောင်တခုမှာ မိန်းမဖောက်ပြန်တယ်ဆိုတာရှားပါသည် ။ယောက်ကျားတွေစဖောက်ကြတာများတယ် ။
(ဒါပေမဲ့လည်း လင်ငုတ်တုတ်အနားရှိရက်နဲ့ ဖောက်ပြန်တဲ့ မိန်းမတွေလည်းရှိနိုင်ပါသည် ။
မျှမျှတတတွေးပေးထားတာပါ  ။)

အစောကပြောသလိုပေါ့ အိမ်ထောင်ဦးစီးက ပိုက်ဆံ အရှာကောင်းတယ်.. လူရည်လည်တယ် ..အပေါင်း
အသင်းဆန့်တယ်..အရွယ်လေးလည်း ရှိတယ်  ။အဲတာဆိုရင်တော့ အိမ်သူသက်ထားဇနီးမယား
အနေနဲ့ကသူခြေတလှမ်း လှမ်းရင် ကိုယ်လည်းခြေတလှမ်း လှမ်းနိုင် အောင် အမှီလိုက်နိုင်အောင်
ကြိုးစားပေတော့ ။ငါတို့က ချစ်သူသက်တမ်း 5နှစ်လောက်ရှိပြီးမှ ယူကြတာ..ငါ့ချစ်သူက တခြားမိန်းမဆို
ယောင်လို့တောင် လှည့်ကြည့်တာမဟုတ်ဘူးဆိုပြီး စိတ်ချလက်ချ မနေပါနဲ့ ။ချစ်သူဘဝတုန်းက
သူကြည့်ချင်မှ ကြည့်လိမ့်မယ်..အခုအိမ်ထောင်သည်ဘဝ ရောက်ပြီဆိုတော့ကြည့်ချင်ကြည့်နိုင်ပါသည် ။
ချစ်သူဘဝက သစ္စာတရားက အိမ်ထောင်သည်ဘဝကို ပါချင်မှာ ပါလာတော့မှာ ။
ကိုယ်က မျက်ခြေမပြတ်ဖို့တော့ လိုတာပေါ့ ။သတိဆိုတာ လိုတယ်ဘဲ ရှိပါသည် ပိုတယ်ရယ်လို့
မရှိပါဘူး ။

မိဘချင်း သဘောတူပေးစားလို့ ယူကြတဲ့တည်ဆောက်လိုက်တဲ့ အိမ်ထောင်ရေးဆိုရင်လည်း
လူကြီးတွေမျက်နှာပျက်အောင်တော့ လုပ်မှာမဟုတ်ဘူးလို့ တထစ်ချမတွက်ထားပါနဲ့ ။အမေတို့က သတ်သတ် အိမ်ကမိန်းမက သတ်သတ် ဆိုပြီးလူကြီးတွေ မျက်နှာအိုးမည်းအကွင်းလိုက် ခပ်တည်တည် သုတ်တတ်တဲ့လူမျိုးတွေ ရှိနိုင်တာဘဲလေ ။ကိုယ်က ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံလည်း  ကိုယ့်အိမ်ထောင်ရေး ကံတရား... ကိုယ်ထိန်းသိမ်းနိုင်မှု့ အနေအထား ဒါတွေအကုန်လုံးက ကိုယ်နဲ့ဘဲ ဆိုင်ပါသည်။
တချို့ တွေကျတော့လည်း မိန်းမဘက်က အစစပြည့်စုံ အလိုက်သိ အထိန်းအသိမ်းကောင်းပေမဲ့လည်း
ဗွေဆိုးပါတဲ့မြင်း ထိန်းမရသလိုဘဲ ...ညည်ဆိုးပါတဲ့လူကလည်း  ဘယ်လောက်ကောင်းတဲ့ မိန်းမနဲ့
ရထားပါစေ  အကျင့်ကကောင်းမလာပါဘူး ။

ကိုယ်က ရိုးသားအေးဆေးတဲ့ သူနဲ့ဆုံမလား ... ခေတ်ဆန်ဆန်နေတတ်ပေမဲ့ မိသားစုဘဝဆိုတာကို
တန်ဖိုးထားတတ်တဲ့သူနဲ့ တွေ့မလား..လည်လည်းမလည်ဘူး ရှုပ်လည်းရှုပ်ချင်တဲ့ မလည်ရှုပ်မျိုးနဲ့ဖူးစာပါမလား.. တကယ့်ကို ဖောက်ပြန်ရေးသမားအကြီးစားမျိုးနဲ့ ပတ်သက်မိမလား
ဆိုတာတော့ ကိုယ်ရဲ့ လေ့လာရွေးချယ်မှု့နဲ့ ဆိုင်သလို ကံတရားနဲ့လည်း ဆိုင်မယ်လို့ ကျမတော့ ထင်သည်။

တကယ်တော့ အိမ်ထောင်ပြုလိုက်တယ်ဆိုတာ စစ်မျက်နှာတခုကိုဖွင့်လိုက်တာနဲ့ အတူတူ
ဘဲလို့ ကျမထင်မြင်မိသည် ။တသက်လုံးတိုက်နေရမဲ့ စစ် ပေါ့ ။ တဘက်ကို မျက်ခြေမပြတ် ကြည့်ပြီး
ငြိမ်းချမ်းရေး ဆွေးနွေးရမလား  ထိုးစစ်ဆင်ရမလား ..ကျားထိုးရတော့မလား  ..စောင့်ကြည့် အနေအထားနဲ့ ထားရမလား ...သေချာတာကတော့ အသင့်အနေအထားနဲ့ နေဖို့ပါဘဲ ။ယောက်ကျားများဟာ မယုံရလွန်းလို့ပါ ။အပြောင်းအလဲမြန်တတ်လွန်းလို့ပါ ။ချစ်လို့ယူထားတာဘဲလေ..မိဘတွေရွေးချယ်ပေးထားတာဘဲ မမှားနိုင်ပါဘူးလေ...
ဆိုတာမျိုးတွေးပြီး စိတ်ချလက်ချ မျက်စိမှိတ်မယုံထားပါနဲ့ ..မိန်းမတွေက ရွေးချယ်ပြီးပြီဆိုတာနဲ့ အပြောင်းအလဲမရှိတော့ပေမဲ့ သူတို့တွေကတော့ အချိန်နဲ့ အမျှ ပြောင်းလဲသွားတတ်သည်။ အချိန်နဲ့အမျှ အသစ် အသစ်သော ဆိုတာတွေကို ရွေးချယ်ချင်တတ်ကြသည် ။
(အမျိုးသားတိုင်းကိုမဆိုလိုပါဘူး..ဖောက်ပြန်တတ်တဲ့
အပြောင်းအလဲမြန်တတ်တဲ့သူတွေကိုသာ ပြောချင်တာပါ )။

အရာရာပြည့်စုံတဲ့ အသိုင်းအဝိုင်းကျတော့ ငွေကြေးကြောင့် အိမ်ထောင်ရေးအဆင်မပြေ
တာတွေဖြစ်နိုင်သလို.. မပြည့်စုံတဲ့ အသိုင်းအဝိုင်းမှာလည်း ဒီငွေကြေးဆိုတာကြောင့်ဘဲ အဆင်မပြေ
မှု့တွေ ရှိလာနိုင်ပါသည် ။ ငွေကြေးနဲ့စီးပွားရေးဆိုတာကို အခြေခံပေမဲ့လည်း အဓိကကျတဲ့အကြောင်း
အရာကတော့မတူဘူးပေါ့လေ။ချမ်းသာတဲ့အိမ်ထောင်စုမျိုး ကျတော့ ငွေပိုလျံလွန်းတော့ ကိုယ့်ကျင့်တရားကို
မတောင့်ခံနိုင်ရင်  ပျက်စီးခြင်းဖြစ်သွားတတ်သလို ..မပြည့်စုံသူကျတော့ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းဖို့
ငွေကြေးမပြည့်စုံလေတော့ အဆင်ပြေမှု့တွေရဲ့ အလည်မှာ စိတ်ညစ်ခြင်းများစွာနဲ့
 ပြသနာတက်တတ်သည် ။

ချစ်သူဘဝတုန်းကတော့ သူလည်း   လခစားကုမ္မဏီဝန်ထမ်း ၊ ကိုယ်လည်း       လခစားဝန်ထမ်း
တယောက်ရတဲ့ လခဘယ်လောက်ဆိုတာ တယောက် သိနေပြီးသား ..လက်မထပ်ရသေးခင် ..ကိုယ့်အိမ်ထောင်ဘက်က တလကို လခ တသိန်းခွဲလောက်ရတာကို အပြစ်မမြင်တတ်ကြပေမဲ့
လက်ထပ်ပြီးတဲ့ အခါမှာတော့ တလတသိန်းခွဲလောက်ဘဲ ရတဲ့ဝင်ငွေနဲ့အိမ်ထောင်တခုရဲ့ လိုအပ်ချက်မှန်သမျှကို မဖြည့်ဆည်းနိုင်တဲ့အခါမှာ နည်းလွန်းတယ်လို့ အပြစ်မြင်     ခလုတ်တိုက်လာတတ်ကြသည် ။

မိန်းမဘက်ကလည်း မယူခင်တုန်းကတော့ တသိန်းခွဲ ကို ကျေကျေနပ်နပ်
လက်ခံပေးခဲ့ပေမဲ့  လက်ထပ်ပြီးတဲ့အခါမှာတော့ ဆန်ကဝယ်ရမယ်..ဆီကကုန်နေပြီ ..ဒီကြားထဲ သာရေးနာရေးကလည်းရှိသေးတယ်..ကားခတွေကလည်း 200လောက်ဖြစ်နေပြီ ..ဖုန်းကဒ်တွေပေါပေမဲ့
တမိနစ် ဆောင်ရတဲ့ ဘီလ်က မပေါတော့ ဖုန်းငွေဖြည့်ကဒ် ကလည်း တဘက်တလမ်းကနှိပ်စက်နေပြန်တယ်..ဒီကြားထဲ ကိုယ့်ယောက်ကျားက အသုံးအစွဲ မကျစ်လစ်တဲ့သူ
ဆိုရင် သူ့လခ တဝက်လောက်က သူ့ ပြန်ပေးနေရတာမျိုး ဖြစ်လာတော့ ဘယ်လောက်ဘဲ
ချစ်လို့ယူထားတဲ့ အိမ်ထောင်ရေးဖြစ်ပါစေ..မိန်းမလုပ်တဲ့သူဘက်ကနေ အမြောက်သံ ဗုံးသံနဲ့ဆင်တူတဲ့
ကြိမ်းဝါးသံတွေ သတိပေးသံတွေ အပြစ်တင်သံတွေထွက်လာတတ်သည် ။

ချစ်သူဘဝတုန်းကတော့ လကုန်ရက် ရောက်ခါနီး .." ကို့ ဖုန်းက ဘေလ်ကုန်တော့မယ်ကွ..
ချစ်စီသိပ်တောင်မဆက်ရဲဘူး..ဖုန်းကဒ်မဝယ်ဖြစ်သေးလို့ " ဆိုရင်တောင် "ရတယ်..ချစ်ဖြည့်ပေးလိုက်မယ်.. " ဆိုပြီး အပြန်အလှန် ကူညီခဲ့ပေမဲ့ အခုလိုအိမ်ထောင်သည်ဘဝရောက်တဲ့အခါ  တလတလ အလျင်မှီအောင် ရုန်းကန်နေရတဲ့ အိမ်သုံးစရိတ်တွေရဲ့ အလည်မှာ ဖုန်းကဒ်တကဒ်စာလောက်ကိုတောင် ငြူ စူ လာမိတတ်သည် ။
အဲတာလည်း လူအပြောင်းအလဲမရှိပါဘူး..ချစ်သူဘဝတုန်းကလည်း ဒီနှစ်ယောက်ပါဘဲ
အိမ်ထောင်သည်ဘဝမှာလည်း ဒီနှစ်ယောက်ပါဘဲ ..ဒါပေမဲ့ ဆက်ဆံရေးအနေအထားတွေကတော့
ပြောင်းလဲကုန်ကြပါတယ်..ချစ်သူဘဝက အချစ်ဆိုတာတွေက အိမ်ထောင်သည်ဘဝ ရောက်တဲ့ အခါမှာ
စားဝတ်နေရေး ဆိုတဲ့ အိမ်ထောင်တာဝန်တွေရဲ့ အောက်မှာ ပျောက်ဆုံးသွားကြသည် ။
ကျမတော့အဲလိုဘဲထင်ပါသည် ။ချစ်လို့ယူခဲ့ကြသည် ။မယူခင်ကလည်း တယောက်အနေအထား
တယောက် သိပြီးသား  ..လက်ခံနိုင်လို့ ယူကြသည် ။ယူပြီးလျှင်အကောင်းဆုံးဖြစ်အောင်
လုပ်မည်ဟု လူတိုင်းက ရည်မှန်းထားကြစမြဲပါ ။တကယ်တမ်းလက်တွေ့မှာတော့ ရည်မှန်းထားသလိုဖြစ်လာတယ်ဆိုတာ သိပ်နည်းလွန်းပါတယ် ။အဲတာဟာအိမ်ထောင်ရေးပါဘဲ ။။။

သူငယ်ချင်းတွေရဲ့ အိမ်ထောင်ရေး သတင်းရင်ဖွင့်တာတွေ နားထောင်ပေးရတဲ့အခါတိုင်း
မိသားစုထဲက အကိုတွေ အမတွေရဲ့ အိမ်ထောင်ရေးသတင်းတွေ ကြားရတဲ့အခါတိုင်း  သူတို့တွေ
မယူခင်တုန်းက ပြောခဲ့တဲ့စကားတွေ နဲ့ ယူပြီးမှ ပြောလာကြတဲ့ စကားတွေက
တူကိုမတူတော့ တာပါ  ။အားလုံးကပြောကြတာတော့  အဲလိုမှန်းသိရင် အစကထဲက  ယူကို
မယူဘူးဆိုတာပါဘဲ .. အင်းလေ  ..အခုလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိမှတော့ ဘယ်သူက
ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး ယူကြမှာလည်း ..ဒီလိုတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားကြလို့
ရဲရဲ ဝံဝံ လက်ထပ်ကြတာပေါ့  ။ လက်ထပ်ပြီးတဲ့ နောက်ပိုင်း ပြသနာတွေနဲ့ရင်ဆိုင်လာရတဲ့အခါ
အရင်ကရှိခဲ့တဲ့ ချစ်ခြင်းတွေနေရာမှာ ငြူ စူ ခြင်း အပြစ်တင်ခြင်းတွေ ကဝင်ရောက်နေရာယူလာကြသည် ။

အဲလိုအနေအထားရောက်လာတဲ့ အချိန်မှာ ..တဘက်နဲ့တဘက် နားလည်မှု့ ရှိစွာနဲ့ သေချာပြန်လည်
ညှို့နှိုင်းဖို့ကအလိုအပ်ဆုံးပါ ။မှားသွားတဲ့ သူကလည်း ကိုယ်မှားသွားတာကို ချက်ခြင်းပြင်ဖို့ လိုသလို
ဖြစ်လာတဲ့အနေအထားကို နှစ်ဘက်စလုံးက အချိန်မီ  ထိန်းသိမ်းနိုင်ဖို့လိုပါသည် ။

ပြသနာတက်လာတဲ့ အနေအထားတခုကို အချိန်မီ မညှို့နှိုင်း နိုင်ရင်တော့ လက်ထပ်ပြီးတဲ့ နောက်ပိုင်း
မှာ စာချုပ်အသစ်တစောင် ထပ်ပြီး လက်မှတ်ထိုးဖို့ ဖြစ်လာတတ်သည် ။နှစ်ဘက်စလုံးကတည်တံအောင်
မထိန်းသိမ်းနိုင်တဲ့ အခါမှာ ပြို ကွဲခြင်း ဆိုတာ အချိန်မရွေးဖြစ်လာတတ်သည်  ။

ငွေကြေးကျပ်တည်းလို့ ဖြစ်လာတဲ့ အဆင်မပြေ မှု့ကို အပြန်အလှန်စာနာနားလည် မှု့နဲ့ ပြန်ပြီး
ညှို့ နှိုင်းလို့ ရနိုင်ပေမဲ့  ..ငွေကြေး အဆင်ပြေလွန်းလို့ ဖြစ်လာတဲ့ ဖောက်ပြန်ရေး ပြသနာတွေကို
ကျတော့ ခံစားပေးရတာ ခက်ပါတယ် ။မိန်းမဆိုတာက အူတိုတတ်တဲ့ အမျိုးလေ  ..မုန့်သာဝေမျှ
ကျွေးချင်ပေမဲ့  အချစ်ကိုဝေမျှ ပေးနိုင်တဲ့ မိန်းမ ဒီကမ္ဘာ မှာ မရှိသေးပါဘူး ။

တချို့ ကျတော့ သားသမီး မျက်နှာထောက်ထားစရာရှိတာတွေ ...စားဝတ်နေရေး အတွက် ဒီယောက်ကျား ကိုဘဲ မှီခိုနေရတဲ့ အနေအထား..အဲလိုအနေအထား တွေကြောင့် မြို သိပ်ပြီး နေကြပေမဲ့
အတွင်းဘက်ဆက်ဆံရေးမှာတော့ သူစိမ်းနှစ်ယောက်လို ဖြစ်သွားတတ်သည် ။ ပြောရရင်တော့
အတွင်းဘက်မှာ လှိုက်စားနေတဲ့ အနာတခုလို ပေါ့ ။တချို့ကျတော့ သတ္တိရှိရှိနဲ့ အဲလိုလှိုက်စားနေတဲ့
အနာကို ဖောက်ထုတ်ပြစ်တတ်ကြသည် ။အနာရွတ်ထင်သွားတတ်ပေမဲ့  တဘဝလုံး တလှိုက်လှိုက်နဲ့
ခံစားနေရတဲ့ ဝေဒနာမျိုး မရှိတော့ပါဘူး ။

အဲလိုသတ္တိရှိရှိ ဆုံးဖြတ်ရဲတဲ့ မိန်းမမျိုးကလည်း ရှားပါတယ် ။ နောက်ခံ မိဘအသိုင်းအဝိုင်းကလည်း
ကောင်းမှ ..ကိုယ်တိုင်ကလည်း ယောက်ကျားတယောက်ကို မှီခိုစရာမလိုဘဲ ငွေရှာ နိုင်တဲ့ အရည်အချင်းလည်း ရှိမှ ... ကိုယ့်ကိုကိုယ် လည်း ငါတယောက်ထဲလည်း ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု့
ရှိတဲ့ မိန်းမ တွေမှ သာ အဲလိုပြတ်ပြတ်သားသား ဆုံးဖြတ်ရဲတာပါ ။ အများအားဖြင့်ကတော့
ယောက်ကျားဖောက်ပြန်နေလည်း  သူငယ်ချင်းတွေကို ရင်ဖွင့် ငိုယိုရင်းနဲ့  ဒီဖောက်ပြန်မှု့ကိုဘဲ
နေသားကျသွားတာ များပါတယ် ။ မိန်းမတွေရဲ့ဘဝက ရွေးချယ်ခွင့်ရတဲ့ အနေအထား သိပ်နည်းပါတယ် ။
တခါရွေးချယ်ပြီးတာနဲ့ နောက်ထပ်တခါဆိုတာကလည်း သိပ်မလွယ်ကူလှပါဘူး ။ ဒါကြောင့် စရွေးချယ်ကထဲက မမှားအောင် ရွေးနိုင်ဖို့ အလိုအပ်ဆုံးပါဘဲ ။ အနာဂတ်ဆိုတာက မှန်းဆကြည့်လို့
မရတဲ့ အရာဆိုတော့ ဘာဖြစ်လာမယ်ဆိုတာ ပြောရ မှန်းရ ခက်လှပါသည် ။

သေချာတာကတော့ တည်ဆောက်ပြီးတဲ့ အရာကို ဘယ်သူမှ အပြို ကွဲ မခံချင်ကြပါ ဘူး ။ သည်းမခံနိုင်ကြ
လွန်းမှသာ  ဒီလိုဆုံးဖြတ်ချက် ချကြတာပါ ။ကံတရားနဲ့ လည်းဆိုင်ပါသည် ။ လူတိုင်းကတော့
အကောင်းဆုံးကိုဘဲ လိုချင်ကြသည် ။ဒါပေမဲ့ လူတိုင်းက အကောင်းဆုံး အရာတွေကို မရတတ်ပါဘူး ။
ဖြစ်လာတဲ့ အခြေအနေတခုကို သတ္တိ ရှိရှိ ရင်ဆိုင်နိုင်တဲ့ ခွန်အားရှိဖို့ လိုပါ သည် ။

လက်ထပ်ပြီးတိုင်းလည်း အဆင်မပြေဖြစ်နေတာ မဟုတ်ပါဘူး ။သာယာချမ်းမြေ့တဲ့ အိမ်ထောင်စုတွေလည်း အများကြီးပါဘဲ ။ဒါပေမဲ့ ချစ်သူဘဝနဲ့ လက်ထပ်ပြီးတဲ့ ဘဝ မတူတာကတော့
လူတိုင်းပါဘဲ ။ ကွာခြားချက် နည်းတာနဲ့ များတာဘဲ ရှိတာပါ ။

လက်ထပ်ထိမ်းမြားခြင်းဆိုတာကို လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့ အခါမှာ
ငါတကယ်ကို အိမ်ထောင်တာဝန် ယူနိုင်ပြီလားဆိုတာ နှစ်ယောက်စလုံး ကိုယ့်ဘာသာကိုယ် ပြန်မေးကြပါ ။
လုံးဝ ကိုသေချာပြီ ။အောင်မြင်တဲ့ အိမ်ထောင်တခုကို ရအောင် တည်ဆောက်ဖို့ အဆင့်သင့် ဖြစ်ပြီ။
ထိမ်းမြားမင်္ဂလာ လက်ထပ်စာချုပ် ရဲ့ နောက်မှာ ပျော်ရွှင်ခြင်း ဆိုတာဘဲ ရှိစေရမယ်လို့ နှစ်ဦးနှစ်ဘက်စလုံးက တဘဝ လုံးစာ အာမခံနိုင်ပြီ ။အရာရာသေချာပြီ ဆိုမှ ဒီစာချုပ် လေးထဲမှာ လက်မှတ်ထိုးပါ ။
လက်ထပ်ထိမ်းမြားခြင်း..နောက်ကွယ်မှာ ပျော်ရွှင်ခြင်းတွေဘဲ ရှိစေချင်ပါသည် ။


ပစ်ပစ်
Pm 7:54
21.4.2015



04 April 2015

ပိုင်ရှင်မဲ့သွားတဲ့ အရုပ်ကလေး

Posted by blackroze at Saturday, April 04, 2015 0 comments
ကျမ ဆေးရုံ တက်စဉ်ကာလမှာ အရုပ်လေးတရုပ် ပိုင်ရှင် မဲ့သွားတာ  ကြုံ ဆုံ ခဲ့ရပါသည် ။

ကျမ နေမကောင်းဖြစ်ပြီး ဆေးရုံ တက်ရမယ်ဆိုပြီး လူနာခန်း စောင့်နေစဉ်မှာ  အရေး ပေါ်ဌာနရဲ့ ခုတင်အမှတ် A03 မှာ တည နေခဲ့ရပါသည် ။ ညဦးပိုင်းကတော့ ကိုယ့်ဝေဒနာနဲ့ကိုယ်ဆိုတော့
ဘေးခုတင်က ဘယ်သူဆိုတာ သတိလည်းမထားမိခဲ့ဘူး  ။မနက်လေးနာရီ လောက်ထင်ပါရဲ့
ကျမချောင်းတွေတအားဆိုးလာပါတယ် ။အဲဒီအချိန်မှာ ဘေးကုတင်က အသက် 60ကျော်လောက်ရှိမဲ့
လူကြီးတယောက်ကကျမအဒေါ်ကို  လှမ်းမေးပါတယ်။ သူကဘာဖြစ်တာလည်း
" တုပ်ကွေး လား... ရိုးရိုးဖျားတာလား ..ချောင်းဆိုးနေတယ်ဆိုရင် ပါးစပ်နဲ့နှာခေါင်းကိုmask နဲ့ အုပ်ထားနော်"ဆိုပြီး ပြောပါတယ် ။ ဘာရောဂါနဲ့ ဆေးရုံရောက်လာလည်းဆိုတာတော့ မသိပါဘူး ။
အိမ်ကမိသားစု လူနာစောင့်တွေလည်း မတွေ့ပါဘူး ။သူတယောက်ထဲပါဘဲ ။

ကျမလည်းစကားဆက်မပြောချင်လို့  ဟုတ်ကဲ့ .. နှာခေါင်းနဲ့ ပါးစပ် အုပ်တဲ့ ဟာလေး ဝယ်ပြီးအုပ်ထားလိုက်မယ် လို့ပြန်ပြောလိုက်သည် ။ သူကတော့ သူ့ဘာသာသူ တယောက်ထဲ
အိပ်နေလိုက် ခဏလောက်နေရင် သူ့ကိုဆေးသွင်းထားတဲ့ပိုက်ချိတ်ထားတဲ့ တိုင်ကို သူ့ဘာသာ
ကိုင်ပြီး ထထွက်သွားလိုက်နဲ့ .. လာစောင့်ပေးတဲ့မိသားစုဝင်တွေလည်း မရှိပါဘူး ။ ခုတင်ခေါင်းရင်းမှာ လိမော်သီး တထုပ်ချိတ်ထားပြီး  လိမ်မော်သီးစားလိုက် အိပ်လိုက်နဲ့ တယောက်ထဲဘဲနေ နေတာပါ ။

သူ့ကြည့်ရတာလက်မှု့ ပညာတော့တတ်ပုံရတယ် ။ သူ့စီမှာ ခဲရောင်လို ခပ်ပျော့ပျော့ အလုံးတလုံး
တွေ့တယ် ။ဘာအလုံးလည်းတော့ မသိဘူး ။ ကျမတို့ငယ်ငယ်တုန်းက ဂျုံ အလုံးတွေနဲ့ အရုပ်လေးတွေ
လုပ်သလိုပေါ့ ။အဲလိုမျိုး လုပ်လို့ရတဲ့ ဟာလေးပေါ့ ။အဲဒီလူကြီးကတော့ သူ့ဘာသာသူ
တယောက်ထဲ လှဲနေရင်း အဲဒီ အလုံးလေးကို ပြားလိုက် ဖိလိုက်နဲ့ အရုပ်လေး တွေလုပ်နေတာ ။
ရှေးခေတ်သိုင်းကားတွေထဲက သိုင်းသမားတွေကိုင်တဲ့ ဓါးပုံစံကို အမျိုးမျိုး လုပ်ကြည့်နေတာ ။
သူလုပ်တဲ့ဓါးလေးတွေက လက်ရာလည်း မြောက်ပါတယ် ။ ဓါး အတို ဓါးအရှည် နောက်ပြီး လှံ
သေနတ် အဲလိုအရုပ်လေး တခုလုပ်လိုက် ပြီးရင် ပြန်လုံးလိုက် နောက်အရုပ်လေးတခုပြန်လုပ်လိုက်နဲ့
သူတယောက်ထဲဘဲ ...။

မနက်လင်းတော့လည်း လာကြည့်တဲ့သူလည်းမတွေ့ ပါဘူး။ သူတယောက်ထဲဘဲ  လှဲလိုက်
ထလိုက်နဲ့  နေနေတာ ။နောက်တော့ကျမလည်း သူ့ကို သတိမထားမိတာ့ဘူး ။ ကိုယ့်ဝေဒနာနဲ့
ကိုယ် ဆိုတော့ ဘယ်သူကိုမှ သတိမထားမိဘူး ။ကျမအဒေါ်က တော့ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်ပေါ့ ။
အရေးပေါ်ခန်းကနေ ဆေးရုံတက်ရမဲ့ လူနာ အခန်းတွေကို မနက် 8နာရီမှာ စပြောင်းပေးပါတယ် ။
တယောက်ပြီးတယောက် နံပါတ်စဉ်အလိုက်နဲ့ ကိုယ်တက်ရမဲ့ အခန်းကို ပြောင်းပေးတာပေါ့ ။

ကျမအပေါ်ထပ်လူနာအခန်းမပြောင်းခင် အချိန်လေးမှာဘဲ ။နပ်စ်မတွေရော ဆရာဝန်တွေရော
ဝရုန်းသုန်းကားနဲ့ ဖြစ်ကုန်ပါတယ်..လူနာတယောက် ဝက်ရူး ပြန်သလိုတက်ပြီး လဲကျသွားလို့ပါ
ကျမကတော့ခုတင်ပေါ် လှဲနေတဲ့သူဆိုတော့ အသံတွေဘဲကြားနေရတာပေါ့ ။အဒေါ်လုပ်တဲ့သူကတော့
ဘာလည်းဆိုပြီး ထသွားကြည့်ပါသည် ။

ပြန်လာတော့ " ဘေးခုတင်က လူကြီး ဖြစ်တာသမီးရဲ့ ..ပါးစပ်ထဲကလည်း အမြှုပ်တွေ ထွက်လို့ဟဲ့ ။
ဘယ်လိုဖြစ်တာလည်း မသိဘူး.. သနားပါတယ် ။သူ့အရုပ်လေးတောင် ဒီတိုင်းကျကျန်ခဲ့တယ် " ဆိုပြီး
လာပြောပြပါတယ်  ။

အဲဒီအချိန်မှာဘဲ ကျမလည်း နေရမဲ့ လူနာအခန်း နံပါတ်ရပြီမို့ ဆေးရုံဝန်ထမ်းတဦးက ကျမ ခုတင်ကို
အပေါ်ထပ်ကို ပြောင်းပေးဖို့ ဓါတ်လှေကားစီကို တွန်းသွားပါသည် ။စောနက ဘေးကုတင်က လူကြီး
လဲကျသွားတဲ့ နေရာလောက်ကို ရောက်တော့ ကျမ အနားပတ်ဝန်းကျင်ကိုကြည့်မိတယ်  ။
ကြမ်းပြင်ပေါ်မှာ ကျနေတဲ့ အရုပ်ဓါးသေးသေးလေးတချောင်း.....  ။။အမည်းရောင် ဓါးလေးတချောင်းက
ပိုင်ရှင်မဲ့စွာနဲ့ဆေးရုံကြမ်းပြင်ပေါ်မှာ .... .... ....  ။

အဲဒီဓါးလေးကို မြင်တော့ ရင်ထဲမွန်းကျပ်လွန်းလို့ မျက်စိမှိတ်ပြီးအသက်ပြင်းပြင်းရှိုက်မိတယ် ။
မနက်စောစော ပေါင်မုန့်တို့ကိတ်မုန့်တို့ စားရမဲ့အချိန်မှာ ရှိတဲ့လိမ်မော်သီးဘဲ အခွံခွာစားနေတဲ့ အသက်60ကျော် အဘိုးကြီးတယောက်ကို မြင်ယောင်လာမိသည် ။
အဆုတ်ရောင်နေလို့လား..ဒါမှမဟုတ် ခံစားချက်ကြောင့်လားမသိပါဘူး...
ရင်ဘတ်ထဲအောင့်ခနဲဖြစ်သွားတဲ့ ခံစားချက်..စူးခနဲအောင့်သွားတဲ့ နာကျင်မှု့နဲ့ အတူ မျက်ရည်လည်လာမိသည်။

စိုစွတ်လာတဲ့ မျက်လုံးတွေကို အားယူပြီးဖွင့်ကြည့်မိတော့  တဖြည်းဖြည်းနဲ့ဝေး....ဝေး ကျန်ခဲ့တဲ့
ကြမ်းပြင်ပေါ်က အရုပ်ဓါးလေးကို ခပ်ရေးရေးလေးတွေ့နေရတယ် ။

နေရာအနှံအပြားက ဆေးရုံတွေမှာ အခုလိုဘဲ ပိုင်ရှင်မဲ့သွားတဲ့ အရုပ်လေးတွေ ဘယ်လောက်တောင်
ရှိနေမလည်းမသိနိုင်ပါဘူး ။အသက်ကြီးလာတဲ့အချိန်မှာ မိသားစုမရှိတဲ့ တကိုယ်ရည် တကာယ
သမားဖြစ်လို့ ပြု စု စောင့်ရှောက်မဲ့ သူ မရှိနိုင်တာလည်း ဖြစ်နိုင်သလို ။
မိသားစုရှိရဲ့သားနဲ့  တာဝန် မယူကြလို့ တကိုယ်တည်း နေနေရတဲ့ သူလည်း ဖြစ်နိုင်ပါတယ်  ။
ဆေးရုံကြီးကလည်း ကောင်းပါရဲ့...
ဆေးတွေကလည်း ကောင်းပါရဲ့...
ခေတ်မှီကိရိယာ တွေနဲ့ တခုခုဆို နာရီပိုင်းနဲ့တင် စစ်ဆေးလို့လည်းရပါရဲ့ ...
ဒါပေမဲ့ မေတ္တာတရားဆိုတဲ့ နွေးထွေးမှု့က ခပ်ရှားရှား ....  နိုင်ငံခြားဆိုတာ အဲလိုမျိုး များလား .... ။။။။။။



ပစ်ပစ်
Pm 5:55
4.4.2015





02 April 2015

သုံးသောင်းတန် ဖီလင်

Posted by blackroze at Thursday, April 02, 2015 3 comments
shopping ဆိုတဲ့ ဈေးဝယ်ထွက်ခြင်းကို မိန်းကလေးအများစုကနှစ်သက်သဘောကျကြပါသည် ။
shopping center တခုခုမှာတဆိုင်ပြီး တဆိုင် လှည့်ပတ်ကြည့်ရှု့ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ပစ္စည်း
အကျီ အစရှိတာတွေကို ဝယ်ယူတဲ့အခါ မဖြစ်မနေ ပတ်သက်ဆက်ဆံရတဲ့သူတွေကတော့
အရောင်းစာရေးဝန်ထမ်းတွေပါဘဲ ..။

တချို့က ဆက်ဆံရေးကောင်း တယ်...အမ ဘာလိုချင်လည်း ဘာရှာတာလည်း ဆိုပြီးလိုချင်တဲ့
ပစ္စည်း အရောင်အသွေး ကိုဝိုင်းဝန်းရှာပေး လိုက်မလိုက် ဝိုင်းကြည့်ပေးတဲ့ အပြုံး ချို ချို လေးနဲ့အရောင်းဝန်
ထမ်းလေးတွေ ရှိသလို ...

လိုချင်တာလေးများရွေးတာ နဲနဲ များသွားရင် စိတ်မရှည်ချင်သလို ပုံစံနဲ့ စူပုပ်ပုပ် ဖြစ်လာတတ်တဲ့
အရောင်းဝန်ထမ်းတွေလည်း ရှိတတ်ပါတယ် ။

နောက်တမျိုးကတော့ အဆိုးဆုံးပါ  ..ကိုယ်ကြည့်လိုက်မိတဲ့အကျီက ဈေးလေးများ  နဲနဲ များတဲ့အကျီ
ဆိုရင်ဝယ်နိုင်လို့လာမေးနေတာလား  ဆိုတဲ့ ပုံစံနဲ့ ကြည့်တတ်တဲ့ အရောင်းဝန်ထမ်းမျိုးပေါ့ ။

ကျမ အိမ်ခဏပြန်တဲ့ အခိုက်အတန့်မှာ မရောက်တာ 7နှစ်ရှိပီ ဖြစ်တဲ့ ယုဇနပလာဇာကို ရောက်ခဲ့တယ် ။
သူငယ်ချင်းတွေက ပြောတယ်..ပလာဇာမှာကိုးရီးယားမိတ်အကျီတထည်ကို 5သောင်း 6သောင်း
လောက်တောင်ပေးရတာ တဲ့...အဲလောက်တောင်ဈေးကြီးလားဟယ်ဆိုတော့ အဲထက်ဈေးကြီးတာတွေ
တောင်ရှိတယ်တဲ့  ...လေ   ။တခါတလေ မူရင်းဈေးအရင်းကဘယ်လောက်ရှိတယ်ဆိုတာတော့ မသိဘူး..အကျီတထည်ကို 2သောင်းလို့ပြောတာကို တသောင်းခွဲရမလားဆစ်လိုက်တာ ချက်ခြင်းဘဲ
ယူသွားဆိုပြီး ထည့်ပေးလိုက်လို့ ရင်ခံခံနဲ့ ဝယ်လာရတာမျိုး လည်းရှိတယ်တဲ့ ...။ဒါဆိုဈေးနှုံး ကပ်ထားတဲ့
ဆိုင်မှာဝယ်မှ ဖြစ်မှာပေါ့လို့ငါကဈေးဆစ်ရတာအားနာလို့ဆိုပြီးပြောတော့ ..နင့်ဘာသာ အခြေအနေကြည့်ဝယ်ပေါ့ တဲ့  ။

ကျမလည်း အကျီ လေ့လာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ကြိုက်တာတွေ့ခဲ့ရင် လည်းဝယ်မယ်ဆိုတဲ့
လုပ်ငန်းစဉ်တခုချမှတ်ပြီး..ပလာဇာကို ချီတက်ခဲ့တယ်.. ။အကျီလေးတွေက အဆင်စုံအသွေးစုံနဲ့
တော်တော်လှပါတယ် ။ ဒုတိယထပ် လှေကားနားကဆိုင်မှာချိတ်ထားတဲ့ အမျိုးသမီးဝတ်
အကျီလေးတွေတော်တော် လှလို့ သေချာဝင်ကြည့်ဖြစ်တယ်ဆိုပါတော့ ...

အပေါ်ဘက်တန်းမှာချိတ်ထားတဲ့ အဖြူ လေးတွေထဲကတထည်ကတော်တော်လေးလှပါတယ်..
စိတ်ထဲလည်းသဘောကျတာနဲ့ သေချာလေးကြည့်မိတယ် ။အပေါ်ဘက်မှာချိတ်ထားတာဆိုတော့
ကျမ လှမ်းယူကြည့်လို့ အဆင်မပြေပါဘူး..အဲတာနဲ့ ကောင်မလေးတယောက်ကို အမကိုခဏလောက်
အောက်ချပြပါလားလို့ပြောပြီး သူအကျီလေး ကိုတုတ်တံချိတ်လေးနဲ့ယူချပေးတော့ အသားလေးလည်း
ကိုင်ကြည့်..ချုပ်ရိုးလေး ဘာလေးလည်း လှန်ကြည့်ပေါ့ ...။အကျီမှာ price ကပ်ထားလားကြည့်တော့
မကပ်ထားဘူး ။အဲတာနဲ့ ဈေးကဘယ်လောက်လည်းလို့ ပြန်မေးရတယ် ။အဲဒီအချိန်ထိ ကျမသူ့ မျက်နှာကို
မကြည့်မိသေးဘူး ။ကိုယ့်အာရုံနဲ့ကိုယ် စိတ်က အကျီစီကိုဘဲ ရောက်နေတာ..29000 လို့ ခပ် ဆတ်ဆတ်
လို့ပြန်ဖြေသံကြားပေမဲ့လည်း သတိမထားမိသေးဘူး ။ကျမစိတ်ထဲ နှစ်သောင်းကိုးထောင်ဆိုတော့
သုံးသောင်းဘဲထားလိုက်ပါတော့..သုံးသောင်းဆို ကျမနေတဲ့ နိုင်ငံကငွေ တန်ဖိုးနဲ့တွက်ရင် ဘယ်လောက်
ရှိမလည်း စိတ်ထဲအပြေးအလွား  တွက်မိတယ် ။အင်းးးး ဒီအကျီအသားပုံစံနဲ့ သုံးသောင်းဆိုတာတော့
နဲနဲတော့ များတယ်..နောက်ပြီး သူငယ်ချင်း ပြောလိုက်တဲ့...2သောင်းတန်ကို 1သောင်းခွဲဆစ်တာ
တောင် များသွားတယ်ထင်တယ်ဆိုတဲ့ စကား... အဲတာနဲ့ ကျမအဲဒီအရောင်းဝန်ထမ်းကောင်မလေးကို
ဈေးဆစ်လို့ရလား ညီမလို့ မေးလိုက်မိသည် ။ " ဝယ်မှာမို့လို့လား နှစ်သောင်းကိုးထောင်နော် "
ဆိုပြီး ပြန်ပြောလိုက်တဲ့ စကားသံက နားထဲဗုံးတလုံးပေါက်လိုက်သလို အုန်းခနဲဝင်လာတယ် ။

စိတ်ထဲဖျင်းခနဲဖြစ်သွားတဲ့ခံစားချက်တခုနဲ့  သူ့ဘက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည် ။ကျမကို
ခပ်တင်းတင်းစိတ်မရှည်သလိုမျက်နှာနဲ့ ကြည့်နေတဲ့  မိန်းကလေးတယောက်..... .... ကျမ သူ့မျက်နှာကို
စေ့စေ့ကြည့်ပြီး "နင်  ဈေးရောင်းနေတာ မဟုတ်ဘူးလား ..ဝယ်သူတယောက်အနေနဲ့ အကျီကို ယူကြည့်တာ...ဈေးဆစ်လို့ရလား ဆိုပြီး မေးတာ မေးလို့မရဘူးလား " ဆိုပြီးပြန်မေးလိုက်တယ် ။ကျမ ကို အဲလိုတုံပြန်မယ်လို့ သူမထင်ထားဘူးထင်တယ်...ရုတ်တရက်ကျမစီကနေ ဒေါသအသံနဲ့  စကားသံထွက်လာတော့ သူလည်းတချက်ကြောင်သွားပီး ဘာပြန်ဖြေရမလည်းမသိဘူးဖြစ်သွားတယ် ။သူ့စိတ်ထင် သူအဲလိုပြောလိုက်ရင် ကျမကခပ်ကုတ်ကုတ်လေးနဲ့ အဲဒီအကျီကို ချထားပြီး ထွက်ရင်လည်းထွက်သွားမယ်။ ဒါမှမဟုတ်လည်း  တခုခုပေါ့ ...သူ့ကို အဲလိုပြန်မေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးဖြစ်မယ်..

ဘာပြန်ပြောရမလည်းမသိဘူးဖြစ်နေတဲ့ မိန်းကလေးကို ကျမသေချာစိုက်ကြည့်ပြီး ပြောခဲ့တယ်...
" ညီမ..အရောင်းစာရေးတယောက်ဆိုတာ  ဈေးလာဝယ်တဲ့သူတွေကို အဆင်ပြေအောင် ကူညီပေးဖို့
တာဝန်ယူရတဲ့သူ .. ဝယ်နိုင်လား မဝယ်နိုင်လားဆိုပြီး မေးရတဲ့သူမျိုး မဟုတ်ဘူး..အဲတာကိုတော့သဘောပေါက်ထား သင့်တယ်.. " ကျမသူ့ကို အဲလောက်ဘဲပြောပြီး
အကျီကို အနားကတန်းလေးတခုမှာ တင်ပြီးဆိုင်ထဲကထွက်ခဲ့လိုက်တယ်....။

အမှန်ဆို အဲဒီအကျီကို သူပြောတဲ့အတိုင်း ဈေးမဆစ်ဘဲကျမဝယ်နိုင်ပါတယ်။
ဒီအကျီလောက်တော့ဝယ်နိုင်တယ် ဆိုင်ပိုင်ရှင်ဘယ်မှာလည်းဘာညာ ဆိုပြီး အကျယ်အကျယ်လည်း
မဖြစ်ချင်တာအမှန်ပါ ။နောက်ပြီး ဒါက သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တခုလည်းဖြစ်နိုင်ပါသည် ။
သူတပါးထိခိုက် စိတ်အနှောင့်အယှက်မဖြစ်စေချင်တာလည်းပါ ပါသည် ။နောက်တခုက သူလည်း အရောင်းစာရေးတယောက်အနေနဲ့ ဝယ်သူနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတွေ
ကြုံ ခဲ့ဖူးလို့စိတ်မရှည်တာနေမှာပါ  ..ဆိုပြီး နားလည်ပေးလိုက်တာလည်းပါပါ သည်။

ဒါပေမဲ့လည်းပေါ့လေ ...  အရောင်းဝန်ထမ်းတယောက်ဆိုတာ ဆိုင်ပိုင်ရှင်ရဲ့ လစာကိုယူပြီး
ဝယ်သူတွေအတွက်ဝန်ဆောင် မှု့ပေးရတဲ့သူတွေပါ ။ဆိုင်တဆိုင်ဖွင့်ကထဲက လူဆင်းရဲ လူချမ်းသာ
လူအလတ်တန်းစား  အလွှာပေါင်းစုံက လာနိုင်တာဘဲလေ ..   ဆိုင်ထဲက အကျီက တသောင်းတန်ဘဲဖြစ်
ဖြစ်  တသိန်းတန်ဘဲဖြစ်ဖြစ် ..ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ အပြင်က လူက မသိနိုင်ပါဘူး..
ကိုယ်အလိုရှိတဲ့ဈေးလေးနဲ့ ရနိုင်တာမျိုး ရှိမလားဆိုပြီး လာဝယ်ကြတဲ့ လူတန်းစားတွေ ရှိနိုင်သလို
ဘယ်ဈေးဖြစ်ဖြစ် ဝယ်နိုင်တဲ့ တသောင်းတန် အုပ်လိုက် အိတ်ထဲထည့်ပြီး ဈေးပတ်နိုင်တဲ့
လူချမ်းသာတွေလည်းရှိနိုင်ပါတယ် ။ 

ကိုယ့်ဆိုင်ထဲကို ဘယ်သူဘဲဝင်လာဝင်လာ အရောင်းဝန်ထမ်းတယောက်အနေနဲ့ အဓိက အကျဆုံးတာဝန်က  ဈေးရောင်းပေးဖို့ပါဘဲ ..လူတန်းစားအလွှာမခွဲခြားဘဲ ..တန်းတူဆက်ဆံပြီး
ဝန်ဆောင် မှု့ပေးဖို့ပါဘဲ ။အရောင်းစာရေးတယောက်ဆိုတာ ကိုယ်ရောင်းမဲ့ ပစ္စည်းကို ဝယ်သူ
သဘောကျအောင် ပြောပေးနိုင်ရမယ်...ကိုယ်ရောင်းနေတဲ့ ပစ္စည်းတခုရဲ့ အရည်အသွေး ..
ကိုရှင်းပြနိုင်မယ်..ပစ္စည်းရဲ့တန်ဖိုးကို ဝယ်သူစိတ်ကျေနပ်တဲ့ စကားလုံးမျိုးနဲ့ ဒီအကျီနဲ့ဒီတန်ဖိုးက ထိုက်တန်တယ်ဆိုတဲ့ အကြောင်း သဘောပေါက်အောင် ပြောပေးနိုင်ရမယ်..။ဝယ်တဲ့သူက
ပစ္စည်းရဲ့တန်ရာတန်ကြေးတခုကို ပေးပြီးဝယ်ရတာပါ ..အလကား ယူရတာမဟုတ်ပါဘူး..
တန်ဖိုးနည်းတဲ့ပစ္စည်းဖြစ်စေ ..တန်ဖိုးကြီးတာဖြစ်စေ ငွေကြေးနဲ့ တန်ဖိုးဖြတ်ပြီးဝယ်ရတာပါ ။
အဲဒီအတွက်ရောင်းတဲ့သူ ဘက်ကလည်း ထိုက်တန်တဲ့ဝန်ဆောင်မှု့တခုပေးသင့်ပါသည် ။

ဈေးလာဝယ်သူကို ဝယ်နိုင်လို့လား ဆိုတဲ့ပုံစံနဲ့ မေးလိုက်တာမျိုး ဟာ အင်မတန်မှကို ရိုင်းပြလွန်းပါတယ်။
အဲလိုဝယ်နိုင်မှ ဆိုင်ထဲဝင်ရမယ်လို့ သတ်မှတ်ထားရင် ဆိုင် အပြင်မှာတခါထဲ ဆိုင်းဘုတ်ထောင်ထား
သင့်ပါတယ်...သောင်းဂဏန်းတန်အကျီများသာရောင်းပါသဖြင့်  လူချမ်းသာများသာဆိုင်ထဲဝင်ပါရန်
ဆိုပြီးတော့ရေးထားသင့်သည် ။

ကျမစိတ်တိုခဲ့တဲ့အကြောင်း သူငယ်ချင်းတွေကို ပြန်ပြောပြတော့သူတို့ဝိုင်းစကြပါသည် ။ " နင်က မြန်မာ
လာတော့ မြန်မာလုံချည် ဝတ်ချင်တယ်ဆိုပြီး  ပုံစံက ရိုးရိုးကြီးဖြစ်နေတော့
ဒါမျိုးတွေဝယ်မှာလည်းမဟုတ်ဘဲ ဈေးမေးပြီး ပြန်ထွက်မှာ ဆိုပြီး အဲလိုဆက် ဆံ လိုက်တာနေမှာ..
မှတ်ထား..နောက်ခါဆို ဘောင်းဘီတို ဝတ်ကြိုးတချောင်းအကျီဝတ်အလန်းဇယားဖြစ်အောင်ဝတ် ပြီးဈေးပတ်ရတယ်ဟဲ့...အဲတာဆို
ဒီလိုစတိုင်မျိုးက ပိုက်ဆံသုံးနိုင်တဲ့ စတိုင်ဆိုပြီး နင့်ကို တထည်ပြီးတထည်ရောင်းပေးမှာ  ..ငါပြောသလို
ဝတ်ပြီးပြန်သွားကြည့်  " တဲ့ ..မှတ်သားလောက်ပါပေတယ်နော်... ။။။။

လူတယောက်ကို ဝတ်စားဆင်ယင်မှု့ကြည့်ပြီး အထင်နဲ့ဆုံးဖြတ်ကြတဲ့ခေတ်ဖြစ်နေပါရောလား...။
အဲတာမို့လည်းလူတွေ အညာခံနေကြရတာ နေမှာလို့ တွေးမိသည် ။ ပလာဇာတင်လား ဆိုတော့
မဟုတ်ပါဘူး..ပြင်ဦးလွင် သွားတဲ့အချိန်မှာလည်း  ဆွယ်တာရောင်းတဲ့ ဆိုင်က ကလေးမလေးလည်း
အလားတူပါဘဲ ...။ အဲဒီတုန်းကလည်း သုံးသောင်းတန် ဆွယ်တာပါဘဲ ...ကျမကအမေ့အတွက်
ဝယ်မလို့ ဖုန်းဆက်ပြီး အရောင်လှမ်းမေးတာပါ ။အမေက ဖုန်းမကိုင်ပါဘူး.. အဲတာနဲ့  " ညီမလေး ..အမအိမ်ကို ဘာအရောင်ယူမလည်းဖုန်းဆက်မေးပြီးမှ ယူမယ်နော်"  လို့ပြောလိုက်တာကို
ဘေးကကလေးမတယောက်ကို မျက်စလေးပြစ်ပြီး တွေ့တယ်မလား  မဝယ်နိုင်ဘူးဆိုတဲ့
ပုံစံလေး လှမ်းလုပ်ပြ ပါတယ် ။ကျမကလည်းမြင်ဖြစ်အောင် မြင်လိုက်ပါတယ်  ။ဒါပေမဲ့အဲဒီသုံးသောင်းတန်
ကိုတော့ အမေ ဖုန်းပြန်ဆက်လာလို့ သူလိုချင်တဲ့ အရောင် ရွေးဝယ်ပေးခဲ့ပါတယ် ။

ကျမ မလည်း မြန်မာတခါပြန်တာ သုံးသောင်းတန်ခံစားချက်တွေ တော်တော်ရခဲ့ပါတယ်  ။ပလာဇာနဲ့
ဆွယ်တာဆိုင်က ပေးလိုက်တဲ့  သုံးသောင်းတန် ဖီလင်ဆိုပါတော့  ။တွေးမိလိုက်တိုင်း
တစိမ့်စိမ့်နဲ့ တငြိမ့်ငြိမ့် လေးပါဘဲ .. နောက်တခါပြန်ရင်တော့ ဘောင်းဘီတိုဘောင်းဘီရှည် အစရှိသော အလန်းဇယားလုပ်လို့ရသော အကျီများသာ များများသယ်သွားမည်ဟု
ကျမအသေအချာဆုံးဖြတ်ထားပါသည် ။
သုံးသောင်းတန်ဖီလင်ကို  နောက်ထပ်မခံစားနိုင်တော့လို့ပါ ရှင် ....။။။။

ပစ်ပစ်
Am 2:07
2.4.2015







 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei